မတ်လ ၂၃ ။ ။ ၂၀၁၈-၂၀၁၉ ခုနှစ် ဖူဆယ်လိဂ်ပြိုင်ပွဲ၏ ချန်ပီယံအသင်း ဖြစ်သော Myanmar Imperial University (MIC) အသင်းသည် ယခုနှစ်အတွင်းကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲနှစ်ခုဖြစ်သည့် AFC ၊ AFF ပြိုင်ပွဲ နှစ်ခုကို ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမည်ဟု MIC အသင်းပိုင်ရှင် ဦးဖြိုးမောင်မောင်က ပြောသည်။
“ကျွန်တော်တို့ လက်ရှိ ဖူဆယ်လိဂ်ချန်ပီယံပာာ AFC Championship ပြိုင်ပွဲ ခွင့်ရပါမယ်။ လောလောဆယ် ပြိုင်ရမဲ့အသင်းကတော့ အီရန်နိုင်ငံလို့ ကြားထားပါတယ်။ အဖွဲ့ချုပ်က အတိအကျတော့ မပြောသေးဘူး။ ရက်အတိအကျတော့ မထွက်သေးပါဘူး။ လာမဲ့ သြဂုတ်ဝန်းကျင်လောက် ဖြစ်မယ်။ ပုံမှန်က သြဂုတ်လောက် ကျင်းပဖြစ်တာပါ။ ကျွန်တော်တို့အရင်က သွားပြိုင်ခဲ့တဲ့ AFF Championship Club (Open Cup) ပေါ့။ ကျွန် တော်တို့က မနှစ်က Open Cup နဲ့ လိဂ်ဖလား ရထားတော့ အဖွဲ႔ချုပ်က ဘယ်လိုဆုံးဖြတ်မလဲ မသိသေးပါဘူး။ အာရှဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားတာက ပြိုင်ပွဲတစ်ခုကို တစ်သင်း သတ်မှတ်ထားတာဆိုတော့ ။ ကျွန်တော်တို့က AFC သွားရမလား AFF သွားရမလား ဆိုတာ အဖွဲ့ချုပ်နဲ့တိုင်ပတ်ဆွေးနွေးပြီး ဆုံးဖြတ်ပါမယ်” ဟု ဦးဖြိုးမောင်မောင်က မဇ္ဈိမသတင်းဌာနကို ပြောသည်။
မြန်မာဖူဆယ်လိဂ်ချန်ပီယံ MIC အသင်းသည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)မှ ကြီးမှူးမည့် အာဆီယံ ဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲ (AFF) နှင့် အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကျင်းပမည့် အာရှကလပ် ချန်ပီယံရှစ်ပြိုင်ပွဲနှစ်ခုကို MIC အသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်ကတော့ AFF ပဲ ယှဉ်ပြိုင်ချင်ပါတယ်။ AFC ကျတော့ တွန်းဖို့တော်တော် ခက်တယ်။ ဟိုဘက်က အာရှကလပ်တွေက အရမ်းကောင်းတယ်။ အမှန်တိုင်းပြောရရင် AFF မှာတောင် ဗိုလ်လုပွဲ မတက်ဖူးသေးဘူး။ ဗိုလ်လုပွဲ တက်ချင်သေးတယ်” ဟု ဦးဖြိုးမောင်မောင်က ထပ်မံပြောသည်။
အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲ (AFF)ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး MIC အသင်းအနေဖြင့် ၂၀၁၅ ၊၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ၃ နှစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ တတိယဆုသာ ရရှိခဲ့သည်။