ရန်ကုန်၊ မတ်လ ၈ ။ ။ အောင်လအန်ဆန် လေ့ကျင့်သင်ကြားပေးထားတဲ့ ချင်းတိုင်းရင်းသား တီရဲလ်ထန်ရဲ့ MMA One Championship ပထမဆုံး ထိုးသတ်ခဲ့တဲ့ပွဲမှာ ၃ ချီအထိ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ရမှတ်အသာဖြင့် အနိုင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
တီရဲလ်ထန်က သူ ကျွမ်းကျင်တဲ့ နပမ်း၊ အောင်လအန်ဆန် လေ့ကျင့်သင်ကြားပေးထားတဲ့ ဖိအားပေး တရစပ် ထိုးလုံးတွေနဲ့ ပြိုင်ဘက် ကမ္ဘောဒီးယားကစားသမား ရင်ဆာရုဒ်ကို ပထမအချီမှာပဲ အနားကပ် ဖိအားပေးထိုးသတ်နိုင်ခဲ့ပါတယ်။
ပထမအချီတွင် ပြိုင်ဘက်ကစားသမားရဲ့ ပေါင်ကြားကို ထိခိုက်မိခဲ့တာကြောင့် ဒိုင်လူကြီးက တီရဲလ်ထန်ကို သတိပေးခဲ့ပြီး ပထမအချီ ပြီးခါနီးတွင် ချုပ်ကွက် စတင်ရရှိခဲ့ပါတယ်။
ဒုတိယအချီ ၃ မိနစ် တွင် ချုပ်ကွက် မိခဲ့ပြီး ပြိုင်ဘက်ကစားသမားကို စတင်ဖိအားပေးနိုင်ခဲ့တာ တွေ့မြင်ရပါတယ်။ တတိယချီအရောက်တွင် ပြိုင်ဘက်ကစားသမား ရင်ဆာရုဒ်ကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ခြေထောက်ကန်ချက်တွေ၊ လက်သီးချက်တွေအပြင် အောင်လအန်ဆန် သင်ကြားပေးခဲ့တဲ့ ဂျူဂျစ်ဆု ချုပ်ကွက်တွေနဲ့ ပြိုင်ဘက်ကစားသမားကို အနိုင်ယူဖို ့ကြိုးစားခဲ့တာဖြစ်ပြီး နောက်ဆုံးအချီ ဖြစ်တဲ့ ၃ ချီမြောက်တွင် ရမှတ်အသာဖြင့် အနိုင်ရခဲ့တာပါ။
တီရဲလ်ထန်က ပွဲအပြီးတွင် " ကျွန်တော့ကို အားလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်လာမယ့် ပွဲတွေမှာ ဒီထက်ပိုကောင်းအောင် ကြိုးစားပါမယ်။ မြန်မာပြည်သားတွေကို ချစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျွန်တော့ဆရာ အောင်လအန်ဆန်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်" လို့ ပြောပါတယ်။
မတ်လ ၈ ရက်နေ့၊ ည ၆ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ ၁ မှာ ကျင်းပပြုလုပ်မည့် MMA ပြိုင်ပွဲ One Championship Reign of Valor ပြိုင်ပွဲမှာ ချင်းကစားသမားသစ် တီရဲလ်ထန် (Tial Thang Zathang ) က ကမ္ဘောဒီးယား တိုက်ခိုက်ရေးကစားသမား Rin Saroth နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့တာပါ။
လက်ရှိအချိန်တွင် မြန်မာပရိသတ်တွေ စိတ်ဝင်စားမှု အများဆုံးရထားတဲ့ အောင်လအန်ဆန် ကလေ့ကျင့်သင်ကြားပေးထားတဲ့ တီရဲလ်ထန်ရဲ့ ပထမဆုံး MMA ပွဲစဉ်မှာ ပွဲဦးထွက် အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယား နိုင်ငံသား ခမာလက်ဝှေ့သမား ရင်ဆာရုဒ် ( Rin Saroth ) က ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်းတစ်ဦး ဖြစ်ပါတယ်။
ဒီနေ့ပွဲစဉ်မှာ ကယန်းတိုင်းရင်းသူ၊ မြန်မာအမျိုးသမီး MMA ကစားသမား အန်တိုနီယာက ပြိုင်ဘက်ကစားသမား မလေးရှားနိုင်ငံမှ ဘိုနီယာဖော့စ်ကို ဒုတိယအချီတွင် အလဲထိုးပြီး ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိထားပါတယ်။
ည ၉ နာရီ ၄၄ မိနစ်အထိ မြန်မာကစားသမား ဖိုးသော်နဲ့ အင်ဒိုနီးရှား ကစားသမား Yohan Mulia Legowo ပွဲစဉ် ယှဉ်ပြိုင်ရန် ကျန်ရှိနေပါသေးတယ်။