မုံရွာ၊ မတ်လ ၇ ရက် ။ ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲ၌ ဝင်ခွင့်ကဒ် မရ၍ တွေ့ဆုံခွင့်မရခဲ့သည့် ဟုမ္မလင်းဒေသခံအချို့က မတ်လ ၆ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ဆုံတင်ပြခွင့်ရရှိရေး၊ တန်းတူညီမျှအခွင့်အရေး ဆုံးရှုံးခြင်း၊ ပြည်သူ့ဆန္ဒ လျစ်လျူရှုခံနေရသည့်အတွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများဘက်မှ ပြောသည်။
"ဟုမ္မလင်းမြို့က ဒေသခံတချို့နဲ့ မြို့အနီးရှိ ညောင်ပင်သာရွာ၊ ရေလဲရွာ၊ နားနုံးရွာ၊ နားသဲရွာ၊မှန်၊ပင်ရွာ၊ ခေါင်းခမ်းရွာက ဒေသခံဟာ တွေ့ဆုံပွဲ ဝင်ခွင့်ကဒ်ပြား တစ်ဦးမှ မရရှိခဲ့ဘူး" ဟု ဆန္ဒထုတ်ဖော်သူတစ်ဦးက ပြောသည်။
အဆိုပါ တွေ့ဆုံခွင့်၊ ဝင်ခွင့်ကဒ်ပြားကို ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဌာနမှ စီစဉ်ပေးခြင်း ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၃)ခုနှင့် ကတ်သာ ကျေးရွာမှ လူဦးရေ ၄၀၀၊ အခြားကျေးရွာများမှ လူဦးရေ ၁၀၀ စုစုပေါင်း ၅၀၀ ကို ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဆန္ဒထုတ်ဖော်သူများဘက်မှ ဆိုသည်။
ဝင်ခွင့်ကဒ်ပြားထုတ်ပေးခြင်းနှင့် ပတ်သက်ပြီး ပက်သက်ပြီး ဟုမ္မလင်းမြို့နယ်၊ အထွေအထွေအုပ်ချုပ်ရေးမှူးကို မဇ္ဈိမသတင်းဌာနမှ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပါဘူး။
မတ်လ ၆ ရက်နေ့ ခန္တီးမြို့ ခရီးစဉ်တွင်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ပွဲကို ပြင်ပမှာ ပရိုဂျက်တာဖြင့် ပြသမည်ဟု ကြေညာထားသော်လည်း မပြသခဲ့သည့်အတွက် နန်စီပွန်ဒေသခံများနှင့် ခန္တီးဒေသခံအချို့ ပြန်ခဲ့ရကြောင်း ခန္တီးဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ခန္တီးမြို့၊ဟုမ္မလင်းမြို့နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကို မတ်လ ၆ ရက်က အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့ပြီး ဒေသခံများဖြင့် လူထုတွေ့ဆုံပွဲပြုလုပ်ကာ ဒေသခံများ၏ တိုင်ကြားစာများကို သက်ဆိုင်ရာတာဝန်ရှိသူများဖြင့် ဖြေရှင်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။
မတ်လ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်မည် ဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ် ၊ တနင်္သာရီတိုင်းတို့ကိုလည်း သွားရောက်ကာ လူထုနှင့်တွေ့ဆုံခဲ့သည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည် မြိတ်မြို့သို့ရောက်ရှိလာစဉ် ဒေသခံများက ဝန်ကြီးချုပ် အပါဝင် ဝန်ကြီးအချို့နှင့် တိုင်း NLD ဥက္ကဋ္ဌတို့အား နုတ်ထွက်ပေးရေး ဆိုင်းဘုတ်ကိုင် ဆန္ဒထုတ်ဖော်ခဲ့ကြသေးသည်။