ကရာကတ်စ်၊ ဖေဖော်ဝါရီ ၂၃ ။ ။ ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ၀ိုင်းဂွါဒိုက နိုင်ငံတွင်းက မထွက်ခွာဖို့ အစိုးရ တားမြစ်ထားတာကို ဖီဆန်ရာမှာ စစ်တပ်ကပါ သူ့ဖက်က ပါလာပြီလို့ သောကြာနေ့မှာ ပြောပါတယ်။
ကိုလံဘီယာကို ရောက်ရှိနေပြီး ဆင်းရဲချို့တဲ့သူတွေ စောင့်ရှောက်ရေး ရန်ပုံငွေ ဂီတပွဲတစ်ခုကို ဂွါဒိုက တက်ရောက်လာခဲ့ပြီး စစ်တပ်ကပါ သူ့ကို အကူအညီပေးလာပြီလို့ ပြောဆိုလာတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဒီကို ရောက်လာနိုင်တာဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပါဝင်လာမှုကြောင့်ပဲ ဖြစ်တယ်။”လို့ နိုင်ငံပေါင်း ၅၀ ကျော်ရဲ့ ဗင်နီဇွဲလား ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုခံရတဲ့ ဂွါဒိုက ပြောပါတယ်။
ဂွါဒိုအနေနဲ့ နိုင်ငံတွင်းမှာ အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ယူဆောင်နိုင်ဖို့ နယ်စပ်ဖြတ်ပြီး ကိုလံဘီယာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကိုလံဘီယာနယ်စပ်မှာ အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားရေးအကူအညီတွေဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ဝင်ရောက်ခွင့်မပြုတာကြောင့် သောင်တင်လျက် ရှိနေတာပါ။
ဒီအကူအညီတွေဟာ အမေရိကန်ရဲ့ ကျူးကျော်မှု ခြေလှမ်းအစပဲဖြစ်တယ်ဆိုပြီး မာဒူရိုက ပိတ်ဆို့ထားဖို့ စစ်တပ်ကို အမိန့်ပေးထားတာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ရုရှရဲ့ ဆေးဝါးပစ္စည်းအကူအညီတွေကို မာဒူရိုက လက်ခံရရှိခဲ့ပြီး တမန်နေ့ကပဲ နိုင်ငံတွင်းကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။