ဖေဖော်ဝါရီ ၁၈ ။ ။ အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့အပတ်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် စစ်သား ၄၁ ဦး သေဆုံးသွားခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ ဖေဖော်ဝါရီ ၁၈ ရက်မှာတော့ နယူးဒေလီမှာ ပြည်သူတွေ စုဝေးဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယနဲ့ ပါကစ္စတန်အကြား အငြင်းပွားနေလျက်ရှိတဲ့ အဆိုပါကက်ရှ်မီးယားဒေသမှာ ဖြစ်ခဲ့တဲ့ ယင်းတိုက်ခိုက်မှုရဲ့ နောက်ကွယ်ရှိ စစ်သွေးကြွတွေကို ဖော်ထုတ်နိုင်ဖို့ ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်နေလျက် ရှိပါတယ်။
အဆိုပါ အသေခံဗုံးခွဲတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ပါကစ္စတန်တို့ တိုက်ရိုက်ပတ်သက်ကိုင်တွယ်ခဲ့တယ်လို့လည်း အိန္ဒိယဘက်က စွပ်စွဲထားပါတယ်။
ဘာပဲဖြစ်ဖြစ် အဆိုပါ အသေခံတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အိန္ဒိယနဲ့ ပါကစ္စတန်အကြား တင်းမာမှုတွေ ပိုတိုးလာနိုင်ဖို့ ရှိနေပါတယ်။
တစ်ချိန်တည်းမှာလည်းပဲ ဖေဖော်ဝါရီ ၁၈ ရက် ယနေ့မှာပဲ အဆိုပါ ကက်ရှ်မီးယားဒေသမှာ သူပုန်တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး အိန္ဒိယစစ်သားလေးဦးထက်မနည်း ကျဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒါဟာ ယင်းဒေသမှာ အသေခံတိုက်ခိုက်မှု ဖြစ်ပြီးနောက် လေးရက်မျှ အကြာမှာပဲ ယခုလို သေဆုံးမှုဖြစ်စဉ် ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။