ဘန်ကောက်၊ ဇန်နဝါရီ ၃၀ ။ ။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကစပြီး ရင်ဆိုင်နေရတဲ့ လေထုညစ်ညမ်းမှုဟာ မြင့်မားလာတာကြောင့် ဘန်ကောက်က စာသင်ကျောင်းတွေကို ပိတ်ထားဖို့ ထိုင်းအာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ အမိန့်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။
မြို့မှာ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၃၇ ကျောင်းကို ချက်ချင်း ပိတ်ခိုင်းထားပြီး သောကြာနေ့အထိ ပိတ်ထားခိုင်းတာဖြစ်ကြောင်း ဘန်ကောက်အုပ်ချုပ်ရေးမှူး အဆာဝင်းကန််မောင်းက သတင်းထောက်တွေကို ပြောပါတယ်။
ခုလိုမျိုး ကျောင်းတွေ ပိတ်ခိုင်းတာဟာ ပြဿနာကို ၁၀၀ ရာခိုင်နှုန်း ထိထိရောက်ရောက် တုံ့ပြန်တာ မဟုတ်ပေမယ့် ကလေးငယ်တွေအတွက် သင်ခန်းစာ ရရှိစေလိမ့်မယ်လို့ ကန်မောင်းက ပြောပါတယ်။
ဘန်ကောက်မြို့တော်ဟာဆိုရင် သိပ်သည်းထူထပ်တဲ့ မီးခိုမြူ ဖုံးလွှမ်းထားတာဟာ ခုချိန်ထိ ရက်အတော်ကြာမြင့်လို့ နေပါတယ်။
ဗုဒ္ဓဟူးနေ့မှာဆိုရင် ဘန်ကောက်မြို့တော်ဟာ ကမ္ဘာပေါ်က လေထုအဆိုးဝါးဆုံး မြို့ပြတွေမှာ အဆင့် ခုနစ်အထိ ရှိလာခဲ့ပါတယ်။ လေထုအရည်အသွေးညွှန်းကိန်း AQI ဟာဆိုရင် ၁၇၁ မှတ်အထိ ရောက်ရှိနေကြောင်း တစ်ကမ္ဘာလုံးအနှံ့ လေထုအရည်အသွေး စောင့်ကြည့်တဲ့ Air Visual အဖွဲ့အစည်းက ပြောပါတယ်။
လေထုအရည်အသွေး ထိန်းချုပ်ရေးဌာနကလည်း မြို့ရဲ့ နေရာ ဆယ်နေရာဟာ ကျန်းမာရေးထိခိုက်စေမယ့် လေထုအရည်အသွေး ရှိနေပြီး တစ်နေရာကတော့ အဆိုးဆုံးဖြစ်ကာ AQI အညွှန်းကိန်းက ၂၀၇ မှတ်အထိ ရောက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။