ဇန်နဝါရီ ၂၁ ။ ။ ယမန်နေ့က တောင်အာဖရိကနိုင်ငံ၊ Cape Town မြို့မှာ တည်ရှိတဲ့ မွေဇန်ဘာ့ခ်ကမ်းခြေမှာ Surf Emporium ရေလွှာလှိုင်းစီးသင်တန်းကျောင်းက မသန်စွမ်းသင်တန်းသားတွေ ရေလွှာလှိုင်းစီးသင်ခဲ့ကြတယ်လို့ သိရပါတယ်။
Surf Emporium ရေလွှာလှိုင်းစီးသင်တန်းကျောင်းက ဦးစီးပြီး မသန်စွမ်းသင်တန်းသားတွေကို ရေလွှာလှိုင်းစီးတတ်အောင် လေ့ကျင့်ပေးခဲ့ကြတာဖြစ်ပါတယ်။
ရေလှိုင်းထဲမှာ ဘုတ်ပြားကိုထိန်းရင်း လှိုင်းစီးနေတဲ့ မသန်စွမ်းသင်တန်းသားတွေထဲမှာ ကလေး၊ လူကြီး အရွယ်မရွေးပါဝင်ပြီး ၎င်းတို့ကို ဂရုတစိုက် လိုက်လံကြည့်ရှုသင်ပြပေးနေတဲ့ နည်းပြတွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။
“ကျွန်မတို့လေထဲပျံနေရသလိုပဲ။ ရေထဲမှာ ဘုတ်ပြားကိုဘယ်လိုထိန်းရမလဲ။ ဘုတ်ပြားကို ဘယ်လိုကိုင်ရမလဲ။ ဘယ်လိုလှိုင်းစီးရမလဲဆိုတာ သေချာသင်ပေးတယ်။ အရမ်းကို ပျော်ပါတယ်။”လို့ ခရိုးမာတော့ရှ်က ပြောပါတယ်။
“ကျန်းမာသန်စွမ်းတဲ့လူပဲဖြစ်ဖြစ်၊ မသန်စွမ်းသူပဲဖြစ်ဖြစ် ဘယ်သူမဆို ရေလွှာလှိုင်းစီးနိုင်ပါတယ်။ ဒီလို လှိုင်းစီးတာဟာ သူတို့အတွက် ပထမဆုံးအကြိမ်ပဲဖြစ်ဖြစ်၊ ၁၀ ကြိမ်မြောက်ပဲဖြစ်ဖြစ် သူတို့အရမ်းပျော်နေကြမှာပါပဲ။ သူတို့တွေလှိုင်းစီးတာကို ကြည့်ရင်း လှုပ်ခါနေတဲ့ လှိုင်းလုံးတွေကို မြင်ရတာ စိတ်ချမ်းသာဖို့ကောင်းပါတယ်။”လို့ Surf Emporium ရေလွှာလှိုင်းစီးသင်တန်းကျောင်းရဲ့ တည်ထောင်သူဖြစ်တဲ့ ရော်ဇီတာဗီစ်က ပြောပါတယ်။