ရန်ကုန်၊ ဇန်နဝါရီ ၁၄ ။ ။ ရန်ကုန်မြို့၌ ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ငွေပေးချေသည့် ယာဉ်စီးကတ် တစ်သိန်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ဖြန့်ချိသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မဇ္ဈိမသို့ ပြောသည်။
ငွေတစ်ထောင်ကျပ် ဖြည့်ထားသည့် ကျပ် ၁၀၀၀ တန် ကတ်များကို ထုတ်လုပ်ရောင်းချသွားရန် စီစဉ်နေပြီး အသေးစိတ်ကို ဇန်နဝါရီလ ၁၆ ရက်တွင် ကျင်းပမည့် YRTA ၏ ၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် စတင်မိတ်ဆက်သွားမည်ဟု သိရသည်။
YBS ယာဉ်လိုင်းများအားလုံးတွင် လာမည့် ဇူလိုင်လအတွင်း ကတ်စနစ်ဖြင့် ငွေပေးချေ နိုင်ရန် စီစဉ်နေကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
“ အဲ့ဒီဟာက ၇ လလောက် အချိန်လိုတယ်ပြောလို့။ အခုဟာက ဘယ်လို တပ်ဆင်မယ်၊ ဘယ်လို သုံးတယ် ဆိုတာကို နမူနာ စမ်းပြမှာ။ သုံးတာက YBS အားလုံး တပ်ပြီးမှ သုံးလို့ရမှာ။ တချို့လိုင်းတွေက မြန်ရင်တော့ မြန်မှာပေါ့နော်။ အားလုံးပြီးမှာက ၇ လ လောက် အချိန်ယူ ရမယ် ” ဟု YRTA အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။
အဆိုပါ YBS ယာဉ်စီးကတ်အတွက် ငွေဖြည့်ရန် E Card စင်တာများ ဖွင့်လှစ်သွားမည် ဖြစ်ပြီး လတ်တလော တွင် ကတ်ဖိုးငွေ မကောက်ခံသေးကြောင်း သိရကာ ကတ်တစ်သိန်း ထုတ်ဝေပြီးနောက် ကတ်ဖိုး ၂၀၀၀ ကောက်ခံမည် ဟု သိရသည်။
“ကတ်ဝယ်လိုက်လို့ ကားစီးပြီး ငွေကုန်သွားရင် ထပ်သွင်းပေါ့ဗျာ။ သူတို့ဆီမှာ စင်တာတွေဖွင့်ပေးမယ်။ E-Card စင်တာတွေ သူတို့ ဖွင့်မယ်တဲ့” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောသည်။
အဆိုပါ ကတ်စနစ်အတွက် စက်များကို ယာဉ်အတက်နှင့်အဆင်းပေါက်တွင် ထားရှိသွားမည်ဖြစ်ကြောင်းလည်း သိရပြီး ဖေဖော်ဝါရီလတွင် အစောဆုံး စတင်အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် အသုံးပြုမည့် ငွေပေးချေမှု သည် လက်ရှိတွင် ငွေအကြွေများဆောင်ကာ ခရီးသည်များက ယာဉ်စီးခ ၁၀၀၊ ၂၀၀၊ ၃၀၀ ကျပ် ပေးချေနေရ ပြီး ငွေ အကြွေမပါရှိက အခက်အခဲများ ဖြစ်ပေါ်နေသည်။