ပခုက္ကူ၊ ဇန်နဝါရီ ၁၃ ။ ။ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ပိုက်သင်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၉ရက်နေ့က ဘုရားဆင်းတု ရဆူ ခိုးယူခံရကြောင်း ဒေသခံများထံမှ သိရသည်။
ခိုးယူခံရသည့် ဘုရားဆင်းတုတော် ၇ ဆူမှာ ကြေးဆင်းတုတော်များ ဖြစ်ပြီး ပိုက်သင်ကျေးရွာ ကမ္မတောရကျောင်း အောင်ဆုပန်အဘိဓမ္မာဘုရားအတွင်း ပူဇော်ရန်ထားရှိသည့် ဆင်းတုတော်များဖြစ်သည်ဟု သိရသည်။
" ဇန်နဝါရီလ ၉ ရက်နေ့က ညနက်ပိုင်းက အခိုးခံရတာပါ။ နံနက်ပိုင်းကြမှ ပစ္စည်းတွေက ဖရိုဖရဲနဲ့ထားခဲ့တာ တွေ့တယ်။ဘုရားထဲ ရောက်တော့မှ ဘုရားတွေပါ ပါသွားတာ သိရတယ်။ ခိုးယူခံရတာက မုဒြာဘုရား က ၆ ဆူ ၊ ဆင်ခံဘုရားက ၁ ဆူ စုစုပေါင်း ၇ ဆူပါ"ဟု ကျောင်းထိုင် ဆရာတော် ဦးရေဝတ က မိန့်ကြားသည်။
ခိုးယူခံရသည့် ဘုရားများမှာ၂၀၁၃ ခုနှစ်က အလှူရှင်များ လှူဒါန်းထားသည့် ကြေးဆင်းတုများ ဖြစ်ပြီး ဘုရားဆင်းတုများအပြင် အလှူခံပုံးတစ်ခုလည်း ဖျက်ဆီးပြီး အလှူငွေများလည်း ယူဆောင်သွားခဲ့ကြောင်း သိရသည်။
" ဒီဘုရားတွေက ပခုက္ကူက အလှူရှင်ဒေါက်တာ သက်လွင်က ၂၀၁၃ ခုနှစ် ဝန်းကျင်က မန္တလေးကနေ မှာယူလှူဒါန်းထားတဲ့ ဘုရားဆင်းတုတွေပါ"ဟု ပိုက်သင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က ပြောသည်။
ပျောက်ဆုံးခဲ့သည့် ဆင်းတုများကို ဇန်နဝါရီလ ၁၃ ရက်နေ့ အထိ ပြန်လည် တွေ့ရှိခြင်း မရှိသေးဟု သိရပြီး မြိုင်မြို့နယ် ရဲစခန်းတာဝန်ရှိသူများမှ ကျူးလွန်သူများကို စုံစမ်းနေကြောင်း သိရသည်။