ဂျေရုဆလင်၊ ဒီဇင်ဘာ ၁၈ ။ ။ ပြီးခဲ့တဲ့ နှစ်လက သိမ်းပိုက်ခံအနောက်ဖက်ကမ်းမှာ အစ္စရေးနှစ်ဦးကို သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပါလက်စတိုင်းအမျိုးသားရဲ့ မိသားစုနေအိမ်ကို အစ္စရေးစစ်တပ်ဟာ တနင်္လာနေ့က ဖြိုချဖျက်ဆီးခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်နေ့က အသက် ၂၃ နှစ်ရှိ အက်ရှရက်ဖ်နာဝါဆိုတဲ့ ပါလက်စတိုင်းအမျိုးသားဟာ သူ့ရဲ့ လုပ်ငန်းခွင်မှာ အစ္စရေးအလုပ်သမားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
အစ္စရေးလုံခြုံရေးတပ်တွေရဲ့ ကြာသပတေးနေ့က စီးနင်းမှုမှာ အက်ရှရက််ဖ်နာဝါကို သုတ်သင်ပစ်ခဲ့တာလည်း ဖြစ်ပြီး ခုချိန်မှ ၎င်းရဲ့ နေအိမ်ကိုပါ ဖြိုချပစ်တာပါ။
အနောက်ဖက်ကမ်း ရှုဝီကာအရပ်က အက်ရှရက်ဖ်ရဲ့ နေအိမ်ကို ဖြိုချချိန်မှာ ပါလက်စတိုင်း လူအုပ်တစ်အုပ်က တားဆီးဖို့ ကြိုးစားတာကြောင့် အစ္စရေးစစ်တပ်နဲ့ ထိပ်တိုက်ဆုံမှု ဖြစ်ခဲ့ပါသေးတယ်။
အစ္စရေးစစ်တပ်ဟာ ပြင်းထန်တဲ့ တုံ့ပြန်မှုအဖြစ် ယင်းနေအိမ်ရဲ့ ပထမထပ်ကို ဖြိုချပျက်စီးပစ်တာဖြစ်ကြောင်း ပါလက်စတိုင်း အစိုးရပိုင် WAFA သတင်းဌာနက ဖော်ပြပါတယ်။
တနင်္လနေ့ အစောပိုင်းမှာ ဘူဒိုဇာတွေနဲ့ အဲဒီကို ဖြိုချဖျက်ဆီးချိန် ထိပ်တိုက်တွေ့မှုအတွင်း ပါလက်စတိုင်းသုံးဦးကိုလည်း အစ္စရေးက ဖမ်းသွားကြောင်း ယင်းသတင်းဌာနက ဖော်ပြခဲ့ပါတယ်။