မြေယာလျော်ကြေးအတွက် လက်ပံတောင်းဒေသခံများ ဆန္ဒထုတ်ဖော်

မြေယာလျော်ကြေးအတွက် လက်ပံတောင်းဒေသခံများ ဆန္ဒထုတ်ဖော်

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ။            ။ လက်ပံတောင်းစီမံကိန်းကြောင့် ပျက်စီးသွားခဲ့ရသည့်သီးနှံများ ၊ မြေယာလျော်ကြေးကိစ္စများနှင့်ပတ်သက်ပြီး လက်ပံတောင်းဒေသခံ ၂၀၀ ကျော်သည်  ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မုံရွာမြို့၌ ဆန္ဒထုတ်ဖော်ခဲ့သည်။

 မြေယာလျော်ကြေး ကိစ္စအား စစ်ကိုင်းတိုင်းဝန်ကြီးချုပ်မှ ဖြေရှင်းပေးရေး ၊ ပျက်စီးသွားသည့် သီးနှံများအတွက် လျော်ကြေးရရှိရေး စသည့်ကြွေးကြော်သံများကို ရွက်ဆိုပြီး ဗိနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ မုံရွာမြို့ နာရီစင်မှ မြို့တော်ခန်းမအရှေ့အထိ လမ်းလျှောက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

“စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကြောင့် အခုထိ မစိုက်ပျိုးရတာတွေရှိတယ်။ သီးနှံထွက်နှုန်းတွေကလည်း မကောင်းတဲ့အတွက် ဦးပိုင်ဝမ်ပေါင်ကုမ္ပဏီကို အစီရင်ခံစာကိုမလိုက်နာဘဲ ချိုးဖောက်နေသည့်အတွက် ထိထိရောက်ရောက် အရေးယူပေးပါလို့ ဒီနေရာကနေ တောင်းဆိုပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်စန်းနွဲ့ က ဆိုသည်။

လက်ပံတောင်းတောင်စီမံကိန်းသည် ပြည်ထောင်စုအဆင့် စီမံကိန်းဖြစ်သော်လည်း တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်နိုင်သည့် ကိစ္စများလည်း ရှိနေခြင်းကြောင့် ဝန်ကြီးချုပ်မှ ကွင်းဆင်းစစ်ဆေးပေးရန် ဒေသခံများမှ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်မှုကို ဆည်တည်း၊ မိုးကြိုးပြင်၊ ကျော်ရွာ၊ ကျောက်ဖြူတိုင်၊ လယ်တီစသည့်ကျးရွာများမှ ဒေသခံ ၂၀၀ ကျော် ပါဝင်ခဲ့ကြသည်။

“အက်စစ်ကြောင့် ပျက်စီးသွားတဲ့ သီးနှံနစ်နာကြေး ၊ ၂၀၁၃ ခုနှစ်တုန်းက မြေယာတွေသိမ်းလို့ ခြံစည်းရိုးတွေ ခတ်လို့ လုပ်မစားရတဲ့ သီးနှံနစ်နာကြေးတွေ တောင်းဆိုတယ်။ အရင်ဟာတွေတုန်းကလည်း ပြေလည်အောင် ဖြေရှင်းပေးမှုမရှိဘူး။ အခု ဆယ်လပိုင်းကမှ အက်စစ်ကြောင့် ပျက်စီးသွားတာတွေလည်း ဖြေရှင်းမှုမရှိဘူး” ဟု  ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ရီဝင်းကဆိုသည်။

 ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်နေ့က စီမံကိန်းဧရိယာအတွင်း အက်ဆစ်ဖျန်းခဲ့ခြင်းကြောင့် စီမံကိန်းအနီး ပတ်ဝန်းကျင်ရှိ  နှမ်း၊ ပဲစင်းငုံ၊ ပြောင်း၊ ပဲတီစိမ်းစသည့် သီးနှံစိုက်ခင်းများအပြင် ကွမ်းခြံများပါ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

 စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းစတင်ချိန်မှ ယနေ့ အချိန်အထိ ဖြစ်ပွားခဲ့သည့် မြေယာပြဿနာ၊ သီးနှံလျော်ကြေးပြဿနာ၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ စသည့် ကိစ္စရပ်များသည် ပြေလည်မှုမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly