ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။ ။ မောင်တောဒေသတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထပ်မံ ၂ လ သက်တမ်းတိုး ထုတ်ပြန်လိုက်ခြင်းမှာ နယ်မြေလုံခြုံရေးအတွက် ဖြစ်ကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
“ ၁၄၄ က နယ်မြေဒေသအခြေအနေအရထုတ်တာလေ။ နယ်မြေကတော့ အေးချမ်းပါတယ်။ ဒါပေမယ့် ဘူးသီးတောင်ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ။ အဓိက ပြည်သူလူထုကို ထိခိုက်မှာစိုးလို့ ညဘက် မထွက်ရ အမိန့်၊ အဓိကနယ်မြေလုံခြုံရေးအတွက်ပေါ့ ၂ လ ထုတ်ပြန်ထားပါတယ်။ ည ၁၀ နာရီကနေ မနက် ၅ နာရီအထိပေါ့"ဟု မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
၂၀၁၂ ခုနှစ်၊ ပဋိပက္ခများ စတင်ဖြစ်ပွားချိန်မှစတင်ကာ ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ကို လုံခြုံရေး အခြေအနေ များအရ လိုအပ်သလို တိုးလျော့သတ်မှတ်ပေးနေခဲ့ခြင်းလည်း ဖြစ်သည်။
စတင်ထုတ်ပြန်စဉ်က ည ၆ နာရီမှ နံနက် ၆ နာရီ အတွင်း အပြင်မထွက်ရ သတ်မှတ်ထားခဲ့ရာမှာ ည ၈ နာရီမှ နံနက် ၆ နာရီသို့ ဖြေလျော့ပေးခဲ့ပြီး ယနေ့အချိန် မောင်တောဒေသတွင် ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
ညမထွက်ရအမိန့်ကို ဒီဇင်ဘာလ ၁၁ ရက်က ထပ်မံ တိုးမြှင့်လိုက်ပြီး နောက်ထပ် ၂ လတိတိ သက်တမ်း တိုးခဲ့ခြင်း ဖြစ်သည်။