ရန်ကုန်၊ ဒီဇင်ဘာ ၈ ။ ။ ရခိုင်ပြည်နယ် မြောက်ဦးမြို့ ထမ္မရာဇ် ရပ်ကွက်ရှိ စက်သုံးဆီဆိုင်တန်းတွင် ဒီဇင်ဘာလ ၈ရက် ညနေ ၅နာရီဝန်းကျင်ခန့်က မီလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ည ၇ နာရီအချိန်အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါ မီးလောင်မှုသို့ မြောက်ဦး၊ ကျောက်တော်၊ မြောင်းဘွေနှင့် မင်းပြားမြို့နယ်ရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ်များကသွားရောက်ငြှိမ်းသတ်နေသော်လည်း စက်သုံးဆီဆိုင်များ မီးလောင်နေခြင်းကြောင့် မီးငြှိမ်းသတ်ရန် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။
ယခုမီးလောင်နေသော နေရာတွင် ဆီဆိုင်ပေါင်း ၁ဝခုကျော်ရှိပြီး ဆီပေပါပေါင်း တစ်ထောင်ခန့် သိုလှောင် ထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရပြီး လူနေအိမ်ခြေများထံသို့ မီးကူးစက်လောင်ကျွမ်းမှု မရှိစေရန် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့များက ကြိုးစားနေကြကြောင်း ဒေသခံများထံမှသိရသည်။
အဆိုပါမီးလောင်မှု၏ အသေးစိတ် အခြေအနေကို မသိရသေးသော်လည်း လက်ရှိတွင် ရန်ကုန်- စစ်တွေ ကားလမ်းကို ယာယီပိတ်ထားရကြောင်း သိရသည်။