ရန်ကုန် နိုဝင်ဘာ ၂၉ ။ ။ သူငယ်ချင်းဘဝကနေ ချစ်သူဘဝကို ပြောင်းလဲပြီး ချစ်ကြိုးသွယ်လာတဲ့အကြောင်းလေးတွေကို ရေးဖွဲ့သီဆို ထားတဲ့ တေးသံရှင် သုညီရဲ့ " နည်းနည်းပိုပါ " လို့ အမည်ပေးထားတဲ့ DVD တေးအယ်လ်ဘမ်ကို စတင် မိတ်ဆက်လိုက်ပါတယ်။
ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နေ့လယ်ပိုင်းက စာနယ်ဇင်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီတေးအယ်လ်ဘမ်ရဲ့ စီးရီးခေါင်းစဉ် နည်းနည်းပိုပါ ဆိုတဲ့ သီချင်းလေးကိုတော့ တေးရေး ခေးကိုက ရေးသားထားပြီး တေးသံရှင်သွန်းနဲ့ တွဲဖက်သီဆိုထားပါတယ်။
" ဒီသီချင်းလေးက ငယ်စဉ်ကတည်းက အတူတူနေလာကြတယ်။ ကြီးလာတဲ့အခါကျတော့ အရွယ် ရောက်လာတော့ သူငယ်ချင်းစည်းလေးတွေ ကျော်လာပြီး ဖြစ်လာတဲ့ပုံစံလေး၊ အပျော်လေးနဲ့ အလွမ်း လေးပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ရေးဖွဲ့ထားတာ။ ကျွန်တော်လည်း အရမ်းကြိုက်တယ်လေ။ ပြီးတော့လည်း မသွန်းနဲ့ စုံတွဲဆိုထားတော့ မသွန်းကလည်း အကောင်းဆုံးဖြစ်အောင် သီဆိုထားတယ်။ ဒီသီချင်းလေး ကို အရမ်းလည်း ကြိုက်လို့ ခေါင်းစီးတေးလေးအနေနဲ့ ပေးထားတာပေါ့နော်။" လို့ တေးသံရှင် သုညီက ပြောပါတယ်။
ဒီတေးအယ်လ်ဘမ်ဟာ တေးသံရှင် သုညီရဲ့ပထမဆုံး အနုပညာခြေလှမ်းဖြစ်ပြီး တေးအယ်လ်ဘမ် ထွက်ရှိနိုင်ဖို့အတွက် အချိန် ၃ နှစ်လောက် ကြိုးစားပြင်ဆင်ခဲ့ရတယ်လို့လည်း တေးသံရှင် သုညီက ဆိုပါတယ်။
အဆိုပါ တေးအယ်လ်ဘမ်ထဲမှာတော့ နည်းနည်းပိုပါ၊ အချစ်ဆရာမလေး၊ ပန်းလိုကြွေ၊ ချစ်တတ်ပါရင်၊ လူပီသ နိုင်ကြပါစေနဲ့ ဖြူစင်သောနှလုံးသားဆိုတဲ့ တေးသီချင်း ၆ ပုဒ်ပါဝင်ပြီး၊ သဟာအောင်၊ ခေးကို၊ မိုး အောင်၊ လပြည့်အောင်၊ အောင်အောင်(လယ်ဝေး)၊ ဖော်ဝေးနဲ့ သုညီတို့က တေးရေးတွေအဖြစ် ရေးသားထားပါတယ်။
" စုံတွဲသီချင်းလေးတစ်ပုဒ်ဆိုပေးပါဆိုလို့ တေးရေးခေးကိုရေးထားတဲ့သီချင်းလေးကို မသွန်းက ရွေး ပေးပြီးတော့ ဒီသီချင်းလေးဆိုဖြစ်တာပါ။ သီချင်းလည်း မသွန်းအရမ်းကြိုက်တယ်။ တကယ်လည်း ချစ်စရာကောင်းတဲ့သီချင်းလေးပေါ့နော်။ ပရိသတ်ရင်ထဲကိုရောက်နိုင်တယ်သီချင်းလေး ဖြစ်မှာပါ။" လို့ တေးသံရှင် သွန်းက ပြောပါတယ်။
တေးသံရှင် သုညီရဲ့ နည်းနည်းပိုပါလို့ အမည်ပေးထားတဲ့ DVD တေးအယ်လ်ဘမ်ကို ဒါရိုက်တာ ရဲမြင့်မြတ်၊ စွဲလန်းထက်၊ လပြည့်အောင်တို့က သရုပ်ဆောင် မိုးပြည့်ပြည့်မောင်အပါအဝင် အနုပညာရှင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဒီအယ်လ်ဘမ်ကို လာမယ့် ဒီဇင်ဘာလအတွင်းမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။