လီမာ၊ နိုဝင်ဘာ ၁၉ ။ ။ အဓိက အကျင့်ပျက်ခြစားမှုတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ ပီရူူးသမ္မတဟောင်းအလန်ဂါစီယာဟာ ဥရုဂွေးနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားကြောင်း ပီရူးနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။
လီမာမြို့မှာရှိတဲ့ ဥရုဂွေးသံရုံးကို စနေနေ့ညက ဂါစီယာ ရောက်ရှိလာပြီး နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်တယ်လို့ ဥရုဂွေးသံအမတ်ကြီး ကားလို့စ်အလီဂျန်ဒရိုဘာရို့စ်က ပီရူးအစိုးရထံ အကြောင်းကြားခဲ့တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစောပို်င်းက သမ္မတဟောင်း ဂါစီယာကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် နိုင်ငံတွင်းက ထွက်ခွာခွင့် ၁၈ ပိတ်ထားရန် အစိုးရရှေ့နေတွေရဲ့ လျှောက်ထားချက်ကို တရားရုံးက အတည်ပြုထားတာလည်း ဖြစ်ပါတယ်။
ဂါစီယာဟာ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ၎င်းအုပ်ချုပ်စဉ်ကာလအတွင်းမှာ အကျိုးအမြတ်ကြီးတဲ့ အများပြည်သူလုပ်ငန်းဆိုင်ရာ ကန်ထရိုက်စာချုပ်တွေ ရရှိရေးမှာ ဘရာဇီးဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Odebrecht ဆီကနေ တံစိုးလက်ဆောင်တွေ ရယူပြီး အကူအညီပေးခဲ့တယ်ဆိုကာ စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ နှစ်အတန်ငယ် နေထိုင်နေခဲ့တဲ့ ဂါစီယာဟာ ဒီအမှုကိစ္စအတွက် စုံစမ်းစစ်ဆေးခံဖို့ ပီရူးနိုင်ငံဆီ ကြာသပတေးနေ့ကမှ ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးကုမ္ပဏီ Odebrecht ဟာ ကမ္ဘာတစ်လွှားက အစိုးရတာဝန်ရှိသူတွေကို ဒေါ်လာသန်းပေါင်းများစွာ လာဘ်လာဘတွေ ပေးခဲ့တယ်လို့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ရပြီး အမေရိကန် တရားရေးဝန်ကြီးဌာနနဲ့ ၂၀၁၆ ဒီဇင်ဘာမှာ ကျေအေးရေး သဘောတူညီမှု ရယူခဲ့ရပါတယ်။
ဒီသဘောတူညီမှု တစ်စိတ်တစ်ပိုင်းအရ ဘရာဇီးကုမ္ပဏီဟာ နို်င်ငံအတွက် ထိခိုက်နစ်နာစေတဲ့ အကျင့်ပျက်ခြစားတဲ့ အစိုးရတာဝန်ရှိသူတွေကို တရားစွဲဆိုနို်င်ရေးမှာ သက်ဆိုင်ရာ အစိုးရရှေ့နေတွေနဲ့ ပူးပေါင်းဆောင်ရွက်ရခြင်းပဲ ဖြစ်ပါတယ်။