နိုဝင်ဘာ ၁၇ ။ ။ ၂၀၁၉ခုနှစ် ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် တိုးတက်မှုမရှိဘဲ အားရဖွယ်ကျေနပ်မှုမရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ကပြောသည်။
"ကမ္ဘာ့ဘဏ်အနေနဲ့ ၂၀၁၈ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို စီးပွားရေးလုပ်ငန်းမျာစတင် ခြင်း၊ ဆောက်လုပ်ရေးပါမစ်များ ထုတ်ပေးခြင်းနဲ့ လျှပ်စစ်ဓာတ်အားရရှိမှုပိုင်းမှာသာတိုးတက်မှုရရှိခဲ့တယ်လို့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ကဏ္ဍ ၁ဝခုရှိတဲ့အနက် ၃ခုမှာသာတိုးတက်မှုရရှိတဲ့အတွက် အားရကျေနပ်ဖွယ်ရာ မရှိတာကို တွေ့ရပါတယ်" ဦးအောင်ထူး ကပြောသည်။
နိုဝင်ဘာ ၁၇ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်း ရှင် များ (၂၁) ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၉ခုနှစ် ကမ္ဘာ့ဘဏ်၏ စီးပွားရေးများလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းကို ၂၀၁၈ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ၏အညွှန်းကိန်းသည် ကျသွားခြင်း၊ တိုးလာခြင်းမရှိဘဲ ၂၀၁၈ခုနှစ်က အတိုင်း နိုင်ငံပေါင်း ၁၉ဝတွင် အဆင့် ၁၇၁၌ ရပ်တည်နေကြောင်း သိရသည်။
"လုပ်တော့လုပ်နေပါတယ်။ လုပ်နေပေမယ့်လည်းမရဘူး။ ကျွန်တော်တို့ကအများကြီးကြိုးစားပြီး သူများတွေကို မီဖို့ဆိုတာ အများကြီးကြိုးစားပြီး လုပ်ရမယ်" နိုင်ငံတော် ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ကပြောသည်
မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်တွင် အညွှန်ကိန်း ၁ဝဝအောက်သို့ ရောက်ရှိလာရန် ကြိုးစားလုုပ်ဆောင်နေကြောင်းလည်း ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေ ကပြောကြားခဲ့သည်။