ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီအတွက် ကစားသမားတွေကို လစာပေးချေမှုအတွက် ပေါင် ၄၂၄ သန်း သုံးစွဲခဲ့တာကြောင့် ကမ္ဘာပေါ်မှာ လစာအသုံးအများဆုံးကလပ်အဖြစ် ထိပ်ဆုံးက ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီကနဲ့ နှိုင်းယှဉ်ရင် ဘာစီလိုနာအသင်းရဲ့ လစာငွေအသုံးစရိတ် ယူရို ၄၈၇ သန်းဟာ ၄၃ ရာခိုင်နှုန်း (ပေါင် ၁၂၈ သန်း) အထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒီလစာပေးချေမှုအသုံးစရိတ်ဟာ ပရီးမီးယားလိဂ် ဘီလူးကြီး မန်ချက်စတာစီးတီးရဲ့ လစာအသုံးစရိတ်ထက် နှစ်ဆ များပြားပါတယ်။
ဘာစီလိုနာအသင်း လစာအသုံးစရိတ်များပြားခြင်းရဲ့ အဓိကအကြောင်းအရင်းက တစ်ပတ်လစာ ပေါင် ၁.၇၅ သန်းရရှိတဲ့ မက်ဆီကြောင့်လို့ ဆိုနိုင်ပါတယ်။ သူတစ်ဦးတည်းရဲ့ လစာကပဲ ဘာစီလိုနာတစ်သင်းလုံးရဲ့ ၁၅ ရာခိုင်နှုန်း ရှိနေတာပါ။
ဘာစီလိုနာရဲ့ လစာအသုံးစရိတ်ဟာ မဟာပြိုင်ဘက် ရီးယဲလ်အသင်းအထက် ပေါင်သန်း ၈၀ ကျော် ပိုများပြီး လာလီဂါမှာ လစာပေးချေမှု ပေါင် ၇.၈ သန်းနဲ့ အနည်းဆုံးဖြစ်တဲ့ ဂီရိုနာအသင်းထက် ပေါင် ၄၁၆ သန်း ပိုများပြားနေပါတယ်။
ဘာစီလိုနာနဲ့ ရီးယဲလ်အသင်း (လစာအသုံးစရိတ် ယူရို၃၄၄ သန်း) တို့ဟာ ဥရောပဘောလုံးလောကမှာ လစာအသုံးစရိတ်ပေးချေမှု အမြင့်ဆုံး နှစ်သင်းဖြစ်ပြီး သူ့တို့ရဲ့နောက်မှာ ပရီးမီးယားလိဂ်မှာ လစာအသုံးစရိတ်အများဆုံးအဖြစ် ပေါင် ၂၉၃ သန်းနဲ့ မန်ချက်စတာယူနိုက်တက်က ရပ်တည်နေပါတယ်။
အံသြစရာကောင်းတာက ငွေသုံးကြမ်းတဲ့ မန်စီတီးဟာ လစာအတွက် ပေါင် ၂၅၇.၅ သန်းသာ သုံးစွဲခဲ့လို့ ဘာစီလိုနာရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။
ဒါပေမယ့် ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ကစားသမားရောင်းချမှုကနေ ပေါင် ၁၉၁ သန်း အမြတ်ရခဲ့ပြီး ဒါဟာ နေမာကို ပီအက်စ်ဂျီထံ ပေါင် ၁၉၈ သန်းနဲ့ ရောင်းချမှုကြောင့်လည်း ပါဝင်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာဟာ လာမယ့်နှစ်ကစလို့ Nike နဲ့ ချုပ်ဆိုထားတဲ့ ၁၀ နှစ် အင်္ကျီစပွန်ဆာစာချုပ်ကနေ တစ်နှစ် ပေါင် ၉၁.၄ သန်း ဝန်းကျင် ရရှိတော့မှာဖြစ်ပါတယ်။ ရီးယဲလ်အသင်းက ပေါင် ၁၅၆.၆၅ သန်းနဲ့ အင်္ကျီစပွန်ဆာစာချုပ်တန်ကြေး အမြင့်ဆုံးရရှိတဲ့ အသင်းဖြစ်ပါတယ်။
Ref; Daily Mail
ဥရောပမှာ လစာအသုံးစရိတ်အများဆုံးအသင်းများ
ကလပ် | လစာကုန်ကျစရိတ်(ယူရို သန်း) |
---|---|
ဘာစီလိုနာ | ၄၈၇ |
ရီးယဲလ်မက်ဒရစ် | ၃၉၅ |
မန်ချက်စတာယူနိုက်တက် | ၃၃၇ |
ပီအက်စ်ဂျီ | ၂၇၂ |
ဘိုင်ယန်မြူးနစ် | ၂၆၅ |
ဂျူဗီတပ်စ် | ၂၅၉ |
ချယ်လ်ဆီး | ၂၅၆ |
လီဗာပူးလ် | ၂၄၁ |
အာဆင်နယ် | ၂၃၂ |
ဒေါ့မွန် | ၂၈၇ |
အက်သလက်တီကို | ၁၇၈ |
အင်တာမီလန် | ၁၅၆ |
စပါး | ၁၄၈ |
လက်စတာ | ၁၃၁ |