မကွေး၊ နိုဝင်ဘာ ၁၀ ။ ။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို အွန်လိုင်းမှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခဲ့သောကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသော မကွေးNLD အလုပ်အမှုဆောင်အဖွဲ့ဝင်ဦးမြတ်ကိုသည် နိုဝင်ဘာ ၁၀ ရက် နေ့တွင် မင်းဘူးမြို့မရဲစခန်း၌ လာရောက်အစစ်ဆေးခံခဲ့ကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ််််တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန်အားနိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံရေးဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ထားမှုအပေါ် Nan Da ဆိုသည့် Facebookအကောင့်၌ "NLDပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွှန်အား တရားစွဲသတဲ့ ပြုံးမိ တယ်" ဆိုသည့် Post အားတင်ထားပြီး “တရားစွဲတဲ့(၁)ပြားတန် ကောင်ဖတ်ရန်မှတ်ရန် နောက်ဘဝထိသိရန်” စသော စာကိုလူမှုကွန်ရက်စာမျက်နှာတွင်ရေးသားခဲ့သည်။
အဆိုပါ Post၏ အောက်တွင် HIaing Min Zaw ဆိုသူမှ “ ဘာလဲ ဆိုတာရှင်းလင်းစွာသိကြရမှာပေါ့ တချို့ ကရှင်းလိုက်မှ” ဟု Comment ရေးခဲ့ပြီး Nan Da ဆိုသည့် Facebook account ပိုင်ရှင်က " ဦးပုည ရေးခဲ့သလို သေးကွက်နဲ့ပင်လယ် အီးပေါက်သံနဲ့မိုးချိန်းသံအဲ့သလိုပါဘဲ အဲ့သည့်အကောင်က ဘာမှမဟုတ်တဲ့ အကောင်" ဟု Reply ပြန်လည်ရေးသားထားခဲ့သည်။အဆိုပါ Comment အောက်တွင် Ko Myat Ko ဆိုသည့် အကောင့် ပိုင်ရှင်မှလည်း "ပြန်ကိုက်ပြီဟေ့ " ဆိုသည့် Comment အား ရေးသားခဲ့ကြသည်။
ထို့ကြောင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင် ထွန်းက Nan Da ဆိုသည့် Facebook account ပိုင်ရှင်နှင့် Myat Ko ဆိုသည့်အကောင့်ပိုင်ရှင်တို့ကို အောက် တိုဘာလ (၂၇) ရက် နေ့လယ်တွင် မင်းဘူးမြို့မရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) အမှုဖွင့် ထားခြင်းဖြစ်သည်။
“ကျွန်တော်နဲ့Nan Da အကောင့်ပိုင်ရှင်နှစ်ယောက်ကို မင်းဘူးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ၆၆(ဃ)နဲ့ အမှုဖွင့်ထားတယ်။ ဒီနေ့ စခန်းမှာ လာရောက်အစစ်ခံတာပါ Nan Daက နောက်နေ့မှ လာအစစ်ခံမှာပါ” ဟု ဦးမြတ်ကိုကပြောသည်။
Nan Daအကောင့်ပိုင်ရှင်မှာလည်း NLDပါတီဝင် ဦးအောင်ဝင်းဖြစ်ကြောင်း Nan Daအကောင့်မှ တင်ထားသော Post အောက်တွင် ၂၀၁၈ ခုနှစ်အောက်တိုဘာလ ၂၅ ရက် (၉နာရီ ၅၆)မိနစ်အချိန်က Comment တစ်ခု မန့်ခဲ့၍ ယခုလို အမှုဖွင့်ခံရကြောင်း ဦးမြတ်ကိုက ဆိုသည်။
“ကျွန်တော်တို့ပါတီရဲ့ မူဝါဒအတိုင်း တရားဥပဒေစိုးမိုးရေးကို အဓိကထားတဲ့အတွက် ဥပဒေဘောင်ထဲက ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်သွားမှာပါ။ ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ် ဘယ်သူက လွန်တယ် ဆိုတာ ပြည်သူတွေက ဆုံးဖြတ်သွားမှာပါ။ အမှုစစ်က ကျွန်တော်ရေးတာ ဟုတ်မဟုတ်မေးပါတယ်။ ပြီးတော့ အာမခံလုပ်ပြီး Myat Koအကောင့်သုံးတဲ့ ဖုန်းအပ်ခဲ့ရပါတယ်” ဟု ဦးမြတ်ကိုက ပြောသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းသည် ယခင်က NLD ပါတီဝင်တစ်ဦးဖြစ်ပြီး မကြာသေးခင်ကာလက ပါတီမှ နုတ်ထွက်ခဲ့သူလည်းဖြစ်သည်။