နိုဝင်ဘာ ၆ ။ ။ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေနိုင်စေရန် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ ဦးစီး၍ Invest Myanmar Summit 2019 ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
"နိုင်ငံခြားမှာပဲဖြစ်ဖြစ် ပြည်တွင်းမှာပဲဖြစ်ဖြစ် ရှိနေတဲ့ရင်းနှီးမြှုပ်နှံလိုသော ပုဂ္ဂိုလ်တွေကို မြန်မာပြည်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလိုချင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပေးချင်တာ။ တစ်ယောက်နဲ့တစ်ယောက် စီးပွားရေးဆန်ဆန် ချိတ်ဆက်မှု ဆွေးနွေးမှုကို ကျွန်တော်တို့က အချိန်အများကြီးပေးချင်တာ" ဟု ကုန်သည်စက်မှုအသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုး ကပြောသည်။
Invest Myanmar Summit 2019တွင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သာမက ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည် နယ်နှင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီတိုင်း စသော ပြည်နယ် နှင့် တိုင်းဒေသကြီးများမှ အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲသို့ သြစတြေးလျ၊ တရုတ်၊ ဥရောပ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ ယူကေနှင့် အမေရိကန်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ( DICA) မှ တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်မည် ဖြစ်သည်။
Invest Myanmar Summit 2019ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၂၈ရက်မှ ၂၉ရက်အထိ နေပြည်တော်ရှိ Myanmar International Convention Centre II တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရသည်။