အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ ရှေးဟောင်းဗလီများကို ပြန်လည်ပြုပြင်မွမ်းမံ

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ ရှေးဟောင်းဗလီများကို ပြန်လည်ပြုပြင်မွမ်းမံ

နိုဝင်ဘာ ၆ ။             ။ အီဂျစ်အာဏာပိုင်တွေနဲ့ ဗိသုကာပညာရှင်တို့ ပူးပေါင်းပြီး အီဂျစ်နိုင်ငံ၊ မြို့တော် ကိုင်ရိုမြို့ရဲ့ အယ်လ်-ဇဟီး ဘေးဘားစ် ရှေးဟောင်းဗလီကြီးကို ပြန်လည်ပြုပြင်မွမ်းမံလျက်ရှိတယ်လို့ သိရပါတယ်။

အယ်လ်-ဇဟီး ဘေးဘားစ် ရှေးဟောင်းဗလီကြီးဟာ ၁၃ ရာစုရဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုပဲဖြစ်ပါတယ်။

ဒါအပြင် ၁၄ ရာစုက တည်ဆောက်ထားခဲ့တဲ့ အယ်လ်-မာရီတာနီ ဗလီကြီးကိုလည်း စတင်ပြုပြင်လျက်ရှိတယ်လို့ အီဂျစ်အာဏာပိုင်တွေက ပြောပါတယ်။

ကိုင်ရိုမြို့ဟာ ရှေးဟောင်းဗလီတွေ၊ အထိမ်းအမှတ်ကျောက်တိုင်တွေ ပေါများတဲ့ နေရာတစ်ခု ဖြစ်သလို ရှေးဟောင်းအိမ်ကြီးတွေ၊ ရိုးရာဆိုင်လေးတွေ တည်ရှိနေဆဲဖြစ်တဲ့အတွက် ကုလသမဂ္ဂ ယူနက်စကိုအဖွဲ့က သမိုင်းဝင်မြို့တစ်မြို့ုအဖြစ် သတ်မှတ်ထားကြောင်း သိရှိရပါတယ်။

“ဒါက လေယာဉ်ပျံကိုယ်ထည်ကို ဆေးခြယ်ရသလိုပဲ။ တစ်ဖက်ပြီးသွားရင် နောက်တစ်ဖက် ဆက်ခြယ်ရဦးမယ်။ ဘယ်တော့မှ မပြီးနိုင်တဲ့ အလုပ်တစ်ခုပါ။”လို့ အဆိုပါရှေးဟောင်းဗလီ ပြုပြင်မွမ်းမံမှုစီမံကိန်းရဲ့ တာဝန်ခံ၊ အာခန်ယဉ်ကျေးမှုဖောင်ဒေးရှင်း အကြီးအကဲဖြစ်တဲ့ လူးဝစ်မွန်ရီရယ်က ပြောပါတယ်။

ဘေးဘားစ် ရှေးဟောင်းဗလီကို ပြုပြင်တည်ဆောက်ဖို့ ကာဇက်စတန်နိုင်ငံက ယူရိုငွေ ၄ ဒသမ ၈ သန်း (ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း) ထည့်ဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂကလည်း အယ်လ်-မာရီတာနီ ဗလီပြုပြင်မွမ်းမံဖို့အတွက် ယူရိုငွေ ၁ ဒသမ ၂ သန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly