ရန်ကုန်၊ မေ ၁၈ ။ ။ ကရင်ပြည်နယ် မူတရော်ခရိုင်အတွင်း တပ်မတော်မှလမ်းဖောက်လုပ်သည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ရေးတင်းမာလာမှုများလျှော့ချရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး တို့ဆွေးနွေးအပြီး လမ်းဖောက်လုပ်မှုကို ယာယီရပ်ဆိုင်းရန် သဘောတူညီချက်ရရှိခဲ့ကြောင်း KNU မှထုတ်ပြန်သည်။
“ လမ်းဖောက်လုပ်မှုကိုရပ်ဆိုင်းမယ်။ အဲ့မှာ လုံခြံုရေးတာဝန်ယူထားတဲ့တပ်တွေကိုပြန်လည်ရုပ်သိမ်းမယ်။ ပြီးတော့ ပြည်သူလူထုတွေ လည်းသူ့ကျေးရွာတွေ သူ့အိမ်တွေ ကိုလည်း အေးအေးချမ်းချမ်းပြန်နေထိုင်လို့ရမယ်ဆိုတဲ့ စိုးရိမ်စရာမရှိဘဲပေါ့၊ ကြောက်ရွံစရာလည်းမရှိ ပြန်နေထိုင်လို့ရတယ်ဆိုတဲ့ သဘောတူညီမှုတော့ရတာပေါ့ “ ဟု KNU ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ပဒိုစောကွယ်ထူးဝင်းက မဇ္ဈိမသို့ပြောသည်။
တပ်မတော်မှလမ်းဖောက်လုပ်မှုကို ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ပြည်သူလူထုနှင့် ယုံကြည်မှုပိုမိုခိုင်မာလာသည့် အခြေအနေရောက်သည့်အခါမှ လမ်းဖောက်လုပ်မှုကို ပြန်လည် စတင်မည်ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းဆိုသည်။
သို့သော်လည်း မည်သည့်အချိန်ထိရပ်ဆိုင်းထားမည်နှင့် မည်သည့်အချိန်တွင်ပြန်လည်ဖောက်လုပ်မည်ကိုတော့ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၄င်းကဆက်ပြောသည်။
အဆိုပါလမ်းဖောက်လုပ်မှုအပါအဝင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွင်လိုအပ်သည့်တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို တပ်မတော်နှင့် တွေ့ဆုံညှိနှိုင်းရန် KNU ဗဟိုဌာနချုပ်နှင့် တပ်မဟာများမှ ထိပ်တန်းခေါင်းဆောင် ရ ဦးပါ၀င်သည့် စစ်ဘက်ရေးရာ ညှိနှိုင်းဆွေး နွေးရေးအဖွဲ့ (MANT) တို့ မတ်လ ၂၉ ရက်နေ့က ကျောက်ကြီးမြို့နယ်တွင် ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သော အဖွဲ့ဝင် (၉) ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် တွင် မေလ ၁၇ ရက်အလွတ်သဘောဆွေးနွေပြီးမှ အဆိုပါသဘောတူညီချက်များကိုရရှိခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ် မူတရော်ခရိုင် လူသောမြို့နယ် ခေးပူ နှင့် လယ်မူပလောရွာအကြား၌ ကားလမ်းဖောက်လုပ်ရန် ဆိုသည့် အကြောင်းပြချက်ဖြင့် မတ်လ ၄ ရက်နေ့မှ စပြီး တပ်မတော်မှ ၀င်ရောက်လာခြင်းဖြစ်သည်။
ယင်းသို့ တပ်မတော်ဘက်မှ KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ၀င်ရောက်လာမှုကြောင့် နှစ်ဖက်တပ်ဖွဲ့ွများ အကြား တင်းမာမှု ဖြစ်ပွားခဲ့ပြီး ရွာပေါင်း ၁၄ ရွာ ၊ လူဦးရေ ၂၀၀၀ နီးပါး စစ်ရှောင်ခဲ့ရသည်။
ကရင် အမျိုးသားအစည်းအရုံး (KNU) သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) တွင် ပါ၀င်လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။