ရန်ကုန်၊ မေလ ၁၂ ။ ။ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရောင်စုံစက္ကူများဖြင့် ဖန်တီးထားသော ပန်းချီပြပွဲကို ရန်ကုန်၊ ပြည်သူ့ရင်ပြင်ရှိ The Yangon Gallery တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
ပန်းချီပြပွဲကို ဆန်းသစ်တီထွင် စက္ကူပန်းချီပြပွဲဟု အမည်ပေးထားပြီး မေလ ၁၂ ရက်မှ ၁၃ ရက်ထိ၊ မနက် ၁ဝ နာရီမှ ညနေ ၆ နာရီထိ ပြသသွားမည်ဖြစ်သည်။
“ လာကြည့်တဲ့ ပရိတ်သတ်တွေအတွက်မတူညီတဲ့ ထူးခြားမှုဆိုရင် စာရွက်ကလေးတွေနဲ့ ဖန်တီးထားတာပေါ့။ အချိန်ယူပြီးလုပ်ရတယ်။ ပရိသတ်တွေက အမတို့၊ အဓိကအမေပေါ့ လုပ်ထားတဲ့ ပန်းချီကားလေးတွေကို ကြိုက်လိမ့်မယ်လို့ ထင်ပါတယ်။ လာရောက်ကြည့်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ် ”ဟု စက္ကူပန်းချီများ အားဖန် တီးသူ၏ သမီးဖြစ်သူ ဒေါ်ခင်ဇာဇာက ပြောသည်။
အဆိုပါ စက္ကူပန်းချီကားများကို အသက် ရ၉ နှစ်အရွယ် ဆရာမကြီး ဒေါ်မြမြဦးက ဖန်တီးခဲ့ခြင်းဖြစ်ပြီး ပန်းချီပြပွဲ တွင် မတူညီသည့် ပန်းချီကားပေါင်း ၁၂ဝ ထိခင်းကျင်း ပြသထားခြင်းဖြစ်သည်။
“ ဒီလိုကျင်းပရတဲ့ ပြပွဲကို ဘယ်လိုများ ဝမ်းမြောက်ရလဲဆိုတာ ပြောတောင်မပြတတ်ဘူး။ ဟိုး..အရင်တုန်း ကတော့ မထင်ဘူးလေ။ အိမ်မက်တစ်ခုလိုဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ပေါင်း ၂ဝ လောက်ရှိပြီ။ ဒီလို ကဒ်ကလေးတွေ စပြီး လုပ်လာတာ”ဟု စက္ကူပန်းချီကားများကို ကိုယ်တိုင်ဖန်တီးသူ ဆရာမကြီး ဒေါ်မြမြဦးက ပြောသည်။
ပန်းချီပြပွဲကို လာရောက်ကြည့်ရှုသူများအနေဖြင့် ပန်းချီကားများကို ဝယ်ယူချင်ပါကလည်း ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
စက္ကူပန်းချီကားများကို ဖန်တီးခဲ့သူ ဒေါ်မြမြဦးမှာ ၁၉၅၉ ခုနှစ်မှ ၁၉၆၂ ခုနှစ်ထိ သူနာပြုဒီပလိုမာသင်တန်း ၃ နှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ ပထမအဆင့်ရရှိခဲ့သူဖြစ်ပြီး သားဖွားသင်တန်းလက်မှတ်ကိုလည်း မြန်မာတစ် နိုင်ငံလုံးတွင် ပထမအဆင့် ထပ်မံရရှိခဲ့သည်။
သင်တန်းပြီးဆုံးခဲ့သည့်အခါ စံပြဗိုလ်လောင်းအဖြစ် ထပ်မံချီးမြှင့်ခြင်းခံခဲ့ရပြီး ၁၉၆၅ ခုနှစ်တွင် New South Wales College of Nursing, Sydney, Australia သို့ ပညာတော်သင်စေလွှတ်ခံခဲ့ရသည်။
၁၉၈၉ ခုနှစ်အထိ စစ်သူနာပြုသင်တန်းတပ်ဆွယ်တွင် ဒုတပ်မှူး(ဗိုလ်မှူးအဆင့်)ဖြင့် တပ်မတော်မှ အငြိမ်း စားယူခဲ့ပြီး ကန်သာယာဆေးရုံတွင် ဆရာမမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။