ဆန်တီယာဂို၊ ချီလီ။ ဧပြီ ၂၀ ။ ။ ပြီးခဲ့သောမတ်လကမှ ကျမ်းသစ္စာကျိန်ဆိုပြီး သမ္မတရာထူးလက်ခံရယူခဲ့သည့် ဆီဘတ်စတီယန်ပီနားရား၏ အစိုးရအဖွဲ့အသစ်ကို ချီလီနိုင်ငံမှ ကျောင်းသူ၊ကျောင်းသား ၁၂၀၀၀၀ ခန့်က ဆန်တီယာဂိုမြို့ရှိလမ်းများပေါ်သို့ ထွက်၍ ကြာသာပတေးနေ့က ချီတက်ဆန္ဒပြခဲ့ကြကြောင်း ချီလီကျောင်းသားအဖွဲ့အစည်းက ကြေညာခဲ့သည်။
ကျောင်းသား၊ ကျောင်းသူထောင်ပေါင်းများစွာသည် အီတာလီယာရင်ပြင်၌ လူစုခဲ့ကြပြီးနောက် ၂.၅ မိုင်ခန့် ချီတက်ဆန္ဒပြခဲ့ကြကာ ၄င်းတို့နှင့်အတူ အကသမားများ၊ ဂီတပညာရှင်များလည်း လိုက်ပါခဲ့ကြသည်။
စာတန်းများကိုကိုင်ဆောင်ပြီး ကြွေးကြော်သံများကို ဟစ်အော်ခဲ့ကြသော ဆန္ဒပြကျောင်းသားအုပ်ကြီးသည် အကျိုးအမြတ်ကိုမျှော်ကိုးသော စာသင်ကျောင်းများ၊ ကျောင်းသားအကြွေးများနှင့် လိင်ကွဲပြားမှုကို ချိုးနှိမ်သော ကျောင်းအစီအစဉ်များကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြသည်။
ယင်းချီတက်ဆန္ဒပြပွဲကို ကျောင်းဆရာများအသင်းအဖွဲ့နှင့် အထက်တန်းကျောင်းသားများကို ကိုယ်စားပြုသော အဖွဲ့အစည်းတို့မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။
ဆန်တီယာဂိုမြို့ရှိ ဆန္ဒပြပွဲမှာ ၃နာရီကျော်ခန့်ကြာမြင့်ခဲ့ပြီး ထိုထက်ပိုမိုကြီးမားသော ဆန္ဒပြပွဲများမှာ ယေ်လ်ပါရိုင်ဆို၊ ကွန်ဆပ်စီယွန်၊ တီမူကိုနှင့် အခြားမြို့ကြီးများ၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ချီလီနိုင်ငံတော်ရဲတပ်ဖွဲ့သည် မျက်ရည်ယိုဗုံးများနှင့် ရေအမြှောက်များကိုအသုံးပြုကာ ဆန်တီယာာဂိုမြို့ရှိ ဆန္ဒပြ ပွဲကို ဖြိုခွင်းခဲ့ပြီး မျက်နှာဖုံးစွပ်ထားသော ရန်လိုသူများနှင့် ရဲတပ်ဖွဲ့ကြား အချင်းများခဲ့ကြသည်။
ယင်းသို့ဖြိုခွင်းမှုကြောင့် လူဒါဇင်ပေါင်းများစွာအဖမ်းခံခဲ့ရသလို လူအများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျောင်းသားများနှင့် ၄င်းတို့ကိုထောက်ခံသူများက သမ္မတအသစ်ပီနားရားသည် သမ္မတဟောင်း မစ်ရှဲလ်ဘာချီ လက်၏ ပညာရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဖြိုဖျက်ရန်ကြိုးပမ်းနေသည်ဟု ပြောဆိုလျက်ရှိသည်။