မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာတွင် နေအိမ် ၃၇ လုံးထိမီးလောင်ခဲ့မှုမှာ မကျေနပ်သဖြင့် မီးရှို့ခဲ့ရာမှတစ်ဆင့် လောင်ခဲ့ခြင်းြဖစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီလ ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နေအိမ် ၃၇ လုံးမှာ ဧပြီလ ၁၃ ရက်၊ ညနေ ၅ နာရီ၊ ၁ဝ မိနစ်ခန့်အချိန်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မြို့နယ်မီးသတ်တပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့မှ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း မီးကူးစက်မှုမရှိစေရန်အတွက် နေအိမ် ၈ လုံးဖြိုချဖျက်ဆီးခဲ့ရသဖြင့် စုစုပေါင်းနေအိမ် ၄၅ လုံးထိပျက်စီီးခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ အပြိုင်ကျေးရွာနေ အသက် ၂၄ နှစ်အရွယ် မချို ဆိုသူ၏ နေအိမ်အား အသက် ၃၂ နှစ်အရွယ် မွန်ချမ်း(ခ)သိန်းထွန်းဆိုသူက အဆိုပါနေအိမ် ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး မကျေနပ်သဖြင့် မီးရှို့ခဲ့ရာမှ နေအိမ် ၃၇လုံးထိ မီးကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
ထိုသို့မီးရှို့ခဲ့သူ မွန်ချမ်း(ခ)သိန်းထွန်းဆိုသူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ယနေ့ ဧပြီလ ၁၄ ရက်၊ နံနက် ၁ နာရီအချိန်တွင် ချောင်းဆုံ မြို့မရဲစခန်းမှ (ပ)၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။