နေပြည်တော်၊ ဧပြီလ ၉ ။ ။ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်နှင့် ဇဗ္ဗူသီရိ မြို့နယ်များမှ သိမ်းဆည်းခံ လယ်ယာမြေများမှ တောင်သူများကို ယနေ့ဧပြီလ ၉ရက် နံနက်ပိုင်းကနေပြည်တော်ရှိ မြို့တော်ခန်းမတွင် နစ်နာမှုထောက်ပံ့ကြေးများပေးအပ်ခဲ့သည်။
ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ အရာထမ်း၊ အမှုထမ်းများ ဆောက်လုပ်သည့်မြေနေရာတွင် ပါ၀င်သွားသည့် တောင်သူ ၁၈ဦးနှင့်ဒက္ခိဏသီရိမြို့ ရာဇသင်္ဂဟလမ်းနှင့်ဟိုတယ်ပတ်လမ်းသို့ ဆက်သွယ်သော ကွန်ကရစ်လမ်းအတွင်းပါ၀င်သွားသော တောင်သူ ၃ဦးတို့အား လယ်မြေတစ်ဧက ၂၅သိန်းနှင့် ယာမြေတစ်ဧက ၁၀သိန်းနှုန်းဖြင့် လယ်ယာမြေ စုစုပေါင်း ဧက၅၀နီးပါးကို ကျပ်သိန်းငါးရာ နီးပါး ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
“အဓိကကတော့ လယ်ယာမြေသိမ်းဆည်းခံရမှု နစ်နာတဲ့ တောင်သူလယ်သမားတွေ အတွက်ပေါ့လေ နိုင်ငံတော်ရဲ့ မူဝါဒလည်းရှိပြီးသားပေါ့လေ။ အဲ့တော့သိမ်းဆည်းမြေများနဲ့ ပတ်သတ်လို့ ဥပဒေနဲ့ အညီ လျော်ကြေးနစ်နာ်ကြေးရရှိအောင် ဆောင်ရွက်ပေးမယ်” ဟု နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောကြားသည်။
ယခင်အစိုးရလက်ထက် နေပြည်တော်တည်ဆောက်ရေးကာလတွင် ၂၀၀၃-၂၀၀၄ ခုနှစ်မှစပြီး ၂၀၁၂ခုနှစ်အထိ နေပြည်တော်ဘက်တွင် မြေစာရင်းတွင် တရားဝင်လုပ်ကိုင်ခွင့်ပေါက်သည့် လယ်မြေသုံးသိန်းခွဲနှုန်း၊ ယာမြေ နှစ်သိန်းခွဲနှုန်းနှင့် သစ်တောမြေ အပါအဝင် ကျန်သည့် မြေအမျိုးအစားများကို ၁သိန်းနှုန်း သတ်မှတ်ပြီး လျော်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရသည်ဟု ဦးမင်းသူက ဆက်လက်ပြောသည်။
“၂၀၁၂နောက်ပိုင်း အစိုးရက ရွေးကောက်ပွဲက ကျင်းပခြင်းကမှ အခြေခံဥပဒေပေါ်ပေါက်လာတယ်။ ဒီအစိုးရက စပြီးမှ သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာပိုင်ကနေမှ အကောင်းဆုံးလယ်မြေကို သိန်းသုံးဆယ်၊ နှစ်ဆယ်၊တစ်ဆယ့်ငါးသိန်း ၊နောက်ယာမြေကိုတော့ယာမြေပထမတန်းစား တယ်ဆယ့်ငါးသိန်း၊ ရိုးရိုးသာမန် ဆယ်သိန်း၊ ဒီထက်ပိုနိမ့်ကျတယ်ဆိုရင် ရှစ်သိန်း စသဖြင့်ပေါ့သတ်မှတ်ပြီးမှ လျော်ကြေးပေးခဲ့တာပေါ့”ဟု ၄င်းကဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ၂၀၀၈ ခုနှစ်ကတည်း က ယာမြေ ရ.၁၀ဧက သိမ်းဆည်းခံထား ရသူ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်အုပ်စု ရွာသစ်ကျေးရွာမှ တောင်သူ ကိုမင်းက ယခုလို ထောက်ပံ့ကြေးရရှိခဲ့ခြင်းအပေါ် ကျေနပ်မှုရှိကြောင်း ပြောသည်။
“ယာတွေ ၂၀၀၈ခုလောက်ကတည်းက သိမ်းဆည်းထားတာပေါ့။ အခု ၁ ဧကကို ဆယ်သိန်းနှုန်း လျော်ပေးပါတယ်ခင်ဗျ။ ကျေနပ်ပါတယ်။ ရဧကနဲ့ ဒသမ၁၀ပါခင်ဗျ။ အရင် လက်ထက်တုန်းက လုပ်လည်းမစားရဲဘူးလေ။အခုလက်ထက်ကျမှ ကျွန်တော်တို့ ဒီလောက်၁ဧကကို ၁၀သိန်းနှုန်း ယာမြေကို ၁၀သိန်းနှုန်း သတ်မှတ်တယ်ပေါ့။အဲ့တာကြောင့် ကျွန်တေ်ာကျေနပ်တာပေါ့” ကိုမင်းက ပြောသည်။