ဧပြီ ၃၊ ပေါ်တို။ ။ ပေါ်တိုဂိုးသမားဖြစ်သူ ကာဆီးလက်စ်သည် ကစားသမားဘဝ ပွဲ ၁၀၀၀ ပြည့်သွားသည့်ပွဲကို ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့ရပြီး ဘယ်လန်နန့်ဆက်စ် အသင်းကို ၂-၀ ဂိုးဖြင့် ရှုံးခဲ့ရခြင်းဖြစ်သည်။
၁၉၉၉ တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်အတူ စတင်ပွဲထွက်ခဲ့သည့် ကာဆီးလက်စ်မှာ ကစားသမားဘဝ ပွဲ ၁၀၀၀ ပြည့်သွားခဲ့ ခြင်းဖြစ်သည်။
တနင်္လာနေ့က ကစားခဲ့သော ယင်းပွဲကိုရှုံးနိမ့်မှုကြောင့် ပေါ်တိုအသင်းမှာလည်း အမှတ်ပေးဇယားထိပ်မှ ဆင်းပေးခဲ့ရပြီး ဘင်ဖီကာအောက် တစ်မှတ်အကွာဖြင့် ရောက်ရှိသွားသည်။
စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၁၆၇ ပွဲဖြင့် ပွဲအများဆုံးကစားထားသည့် ၃၆ နှစ်အရွယ် ဂိုးသမားသည် လွန်ခဲ့သည့် ၁၉ နှစ်က မက်ဒရစ်အကယ်ဒမီမှထွက်ပေါ်လာသူဖြစ်ပြီး ငယ်ဘဝကလပ်အတွက် ၇၂၅ ပွဲ ကစားပေးခဲ့သည်။
ဘာနေဗျူးတွင်ရှိခဲ့စဉ်အတွင်း လာလီဂါဖလားငါးကြိမ်၊ ချန်ပီယံလိဂ်ဖလား သုံးကြိမ်နှင့် အခြားဆုဖလားများစွာရရှိခဲ့ပြီး ၂၀၁၅ တွင် ပေါ်တိုသို့ ပြောင်းရွှေ့ခဲ့သည်။
စပိန်အသင်းနှင့်အတူ ဥရောပဖလားနှစ်ကြိမ်နှင့် ၂၀၁၀ ကမ္ဘာ့ဖလားတစ်ကြိမ်ရထားသည့် ကာဆီးလက်စ်သည် ပေါ်တိုအသင်း အတွက် ၁၀၈ ပွဲကစားထားပြီး ရာသီကုန်တွင် ကစားသမားဘဝမှ အနားယူရန် စီစဉ်နေသည်။
Ref; goal.com