မန္တလေး၊မတ် ၂၀ ။ ။ သက်ငယ်မုဒိမ်းပပျောက်ရေးနဲ့ ပြင်းထန်တဲ့ ပြစ်ဒဏ် အမိန့်ချပေးရေးအတွက် ဆန္ဒပြတောင်းဆိုခြင်းကို မတ်လ ၂၀ ရက်၊နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဦးသန်းလွင်က"သက်ငယ်မုဒိမ်းပြုကျင့်သူကို ပြင်းထန်တဲ့ အမိန့်ချပေးရေးနဲ့ သက်ငယ်မုဒိမ်းပပျောက်ရေးအတွက် ဆန္ဒပြတောင်းဆိုတာပါ။ နိုင်င်ငံတော်ဆူပူအောင်လုပ်တာ မဟုတ်ပါဘူး။ နိုင်ငံတော်တည်ငြိမ်ဖို့ရာအတွက် စံနမူနာအဖြစ် ချမှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုရတာပါ"လို့ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မန္တလေး၊ လားရှိုးလမ်း၊ ဆီဆိုင်အဝိုင်းမှရွှေမြင်တင်ဘုရားအထိ သက်ငယ်မုဒိမ်းမှုကာကွယ်ရေး လူတိုင်းကူညီပါဝင်းပေး၊ အဆိုးရွားဆုံးသော အဓမ္မပြုကျင့်ခံရမှုများ ကင်းစင်ရေး မိသားစုနဲ့အတူ ဝိုင်းဝန်းကာကွယ်ပေး စတဲ့စာသားများပါတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ချီတက်ခဲ့ကြပါတယ်။