ပုသိမ်၊ မတ်လ ၁၆ ။ ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ တိုင်းရင်းသားများကို မြေကွက်ချထားပေးမည်ဟုပြောဆိုပြီး ဝန်ကြီးချုပ် လက်မှတ်အတု ပြုလုပ်လိမ်လည်သူအား ပုသိမ်မြို့မရဲစခန်းတွင်ဖမ်းဆီးလိုက်ကြောင်း သိရသည်။ မှုခင်းသတင်းထောက်ကဒ်ပြကာ ငွေ ၂၅ သိန်းခန့် လိမ်လည်ခဲ့ခြင်း ဖြစ်ပြီး ပုသိမ်ကြိုးတံတားအနီး တွင် အစိုးရမှ တိုင်းရင်းသားများကို မြေကွက်ချထားပေးမည်ဟုပြောဆို၍ ငွေတောင်းခံခဲ့ခြင်းများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
"မှုခင်းသတင်းထောက်ကဒ်ပြတယ်။ ပြီးတော့ ခင်မင်ရင်းနှီးအောင်လုပ်တယ် ။ မြေကွက်ချပေးမယ်ဆိုပြီး ပိုက်ဆံတောင်းတယ် ။ တစ်ပါတ်ခြား တစ်ပါတ်ခြား ဟိုဟာအကြောင်းပြ ဒီဟာအကြောင်းပြနဲ့၊ ပိုက်ဆံတောင်းသွားတာ ၂၅သိန်းရှိတယ်၊မနေ့က မှ လိမ်တယ်ဆိုတာသိတာ။ အစိုးရရုံးအဖွဲ့ကိုသွားတိုင်မှ အခုချက်ချင်းမိသွားတာပေါ့၊ နိုင်ငံတော်တံဆိပ်ခေါင်းတွေ ပါတယ်၊ အခုဝန်ကြီးချုပ်လက်မှတ်တွေ ပါတယ်၊ ကြိုးတံတားအဆင်းက မြေကွက်ကိုရမယ်ဆိုပြီး လက်ညှိးထိုးပြတယ်” ဟု တိုင်တန်းသူ ဦးမြင့်စိုး၏ဇနီး ဒေါ်မေသူအောင်က ပြောသည်။
ပြသခဲ့သော စာရွက်စာတမ်းများသည် အတုများ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဝန်ကြီးချုပ် လက်မှတ်ကိုပါ တုပပြုလုပ်ခဲ့သည်ဟု ဧရာဝတီတိုင်း ဒေသကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“ သူက ဝန်ကြီးချုပ်လက်မှတ်အတုနဲ့ စာရွက်ပေါ်မှာ မြေပေးတာတွေ တိုင်းမြေစီမံခန့်ခွဲရေး ဦးမင်းညီလက်မှတ်နဲ့ စာရွက်တွေပေးတယ်။ လိုက်စုံစမ်းတဲ့အခါမှာ စာရွက်တွေဟာ အတုတွေဖြစ်နေတယ်ဆိုပြီး ပုသိမ်မြို့မရဲစခန်းကို အမှုလာဖွင့်ပါတယ် ။ မြို့မရဲစခန်း ပထမသတင်းပေးတိုင်တန်းချက်အမှတ် ၁၃၇/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၂၀၊၄၆၈ အမှုဖွင့်အရေးယူဆောင်ရွက်ထားပါတယ်” ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။
လက်ရှိတွင် အမှုဖွင့်ခံထားရသူမှာ ဦးစိန်ထွန်း(ခ)ဦးစိန်ချေအား ပုသိမ်မြို့မရဲစခန်းတွင် မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီး စစ်ဆေးလျက်ရှိသည်။