ဆစ်ဒနီ၊ မတ် ၁၆ ။ ။ စီးပွားရေးနှင့် လုံခြုံရေးချိတ်ဆက်မှုများအတွက် တွေ့ဆုံစည်းဝေးကြရန် ဒေသတွင်း အိမ်နီးချင်းများဖြစ်သော အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များသည် သြစတြေးလျတွင် ပထမဆုံးကျင်းပသည့် အစည်းအဝေးအတွက် စတင်ရောက်ရှိကြပြီဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ အာဆီယံအဖွဲ့ကြီး၏ ခေါင်းဆောင်များအနေဖြင့် အဖွဲ့ဝင် ၁၀ နိုင်ငံတွင် မဟုတ်ဘဲ ပြင်ပတစ်နိုင်ငံတွင် ကျင်းပသည့် ရှားရှားပါးပါး အစည်းအဝေးလည်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးကို အရှေ့တောင်အာရှအတွင်း လူ့အခွင့်အရေး အလွဲသုံးမှုများအတွက် ဆန္ဒပြသူများ ရှိခဲ့သည်။
ဆန္ဒပြသူများသည် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့အား ဦးတည်ကန့်ကွက်လျက် သြစတြေးလျဝန်ကြီးချုပ် မဲကွန်းတမ်ဘူးလ်အား အဆိုပါ အစည်းအဝေးသို့ တက်ရောက်ရန် ရောက်ရှိသော အာဆီယံခေါင်းဆောင်အချို့ကို ကြိုဆိုခြင်းအတွက် ဝေဖန်နေကြသည်။
ထို့ပြင် မတ် ၁၆ ရက် အစောပိုင်းတွင် ဆစ်ဒနီဆိပ်ကမ်းရှိ သင်္ဘောတစ်စင်းပေါ်တွင် Amnesty International Australia အဖွဲ့က မြန်မာနိုင်ငံမှ ဘင်္ဂါလီ(မူရင်း ရိုဟင်ဂျာဟု ဖော်ပြ) ဒုက္ခသည်များ၏ အကျပ်အတည်းကို မီးမောင်းထိုးပြလျက် ဆန္ဒပြမှုတစ်ရပ်အား လုပ်ဆောင်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ကာလရှည်ခေါင်းဆောင်ဖြစ်ပြီး အဓိကအတိုက်အခံပါတီကို တရားဝင်ဖျက်သိမ်းခဲ့သူ ဟွန်ဆန်က ဆစ်ဒနီတွင် ၎င်းအား ဆန့်ကျင်ဆန္ဒပြသူ မည်သူကိုမဆို မတွေ့တွေ့အောင် ရှာပြီး ရိုက်နှက်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားသည်။