ဖေဖော်ဝါရီ ၂၀ ။ ။ ပြီးခဲ့တဲ့ ၂ ရက်အကြာက ပျက်ကျသွားခဲ့တဲ့ အီရန် ခရီးသည်တင်လေယာဉ်တစ်စင်းရဲ့ အပျက်အစီး အစိတ်အပိုင်းတွေ တည်ရှိရာနေရာကို ယခုအခါ ရှာဖွေရေးအဖွဲ့တွေ တွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောကြားသွားပါတယ်။
အီရန် လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ အက်စ်မန် လေကြောင်းလိုင်းက လေယာဉ်အမှတ် EP3704 ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ခရီးသည်တွေနဲ့ အမှုထမ်း ၆၆ ဦးကို တင်ဆောင်ကာ ထွက်ခွာပျံသန်းသွားရင်းနဲ့ ဇာဂရိုစ် တောင်ကုန်းတွေဘက်မှာ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက် လေယာဉ်ပျက်တည်ရှိရာနေရာကို ရှာဖွေခဲ့ကြပေမယ့် ရာသီဥတု ဆိုးရွားမှုကြောင့် လုပ်ငန်းမတွင်ဘဲ ဖြစ်နေခဲ့ပြီးနောက် ယခုအခါမှတော့ ရှာတွေ့သွားခဲ့ပြီဖြစ်ပါတယ်။
" အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ ဟယ်လီကော်ပတာတွေဟာ ဒီနေ့မနက်မှာပဲ ဒီနာတောင်ကုန်းပေါ်မှာ အဲဒီ လေယာဉ်ရဲ့ အပျက်အစီးတွေကို တွေ့ခဲ့ပါပြီ" ဆိုပြီး အဆိုပါအီရန်တပ်ဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်တဲ့ ရာမီဇန် ရှာရစ်ဖ်က ပြောကြားသွားခဲ့ပါတယ်။