မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ရတနာပုံမြို့သစ် ၄ ရပ်ကွက်၊ ၆၀ လမ်းနှင့် ၆၁လမ်းကြား၊ ကံ့ကော်လမ်း နှင့် အောင်မင်္ဂလာလမ်း၊ ပိတောက်လမ်း နှင့် ဇွန်လမ်းကြားရှိ ဒေါ်ခင်စန္ဒာထွေး၏ နေအိမ်တွင် ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒေါ်ခင်စန္ဒာထွေး(၃၈)နှစ်၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်ရှိ မျက်နှာကျက် တွင် တပ်ဆင်ထားသော ပန်ကာဖွင့်ထားခဲ့ရာမှ ပန်ကာအတွင်းရှိ ကွိုင်အပူလွန်ကဲ၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်၄၀စီး၊ မီးသတ်ရေယာဉ်၁၀စီး၊ အကူယာဉ်၂စီး၊ အုပ်ချုပ်မှုယာဉ်၂စီး၊ သန္ဓေ၈၀ဦး အရန်၂၀၀ဦး သွားရောက်ငြိမ်းသတ်ခဲ့ရသည်။
မွန်းတည့် ၁၂နာရီ ၃၀မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ၂၀×၄၀ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း၂ထပ်၊ နေအိမ်၂လုံး၊ ၂၀×၃၀ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(၁)ထပ်၊နေအိမ်၁လုံး၊ ၂၀×၄၀ပေ RC ၂ထပ်၊ ၁လုံး မီးလောင်ဆုံးရှုံးခဲ့ကာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ၃၄၅၀၀၀၀ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရသိရသည်။
ချမ်းမြသာစည်မြို့နယ် အမှတ်၁၁ ရဲစခန်းမှ ပိုင်ရှင် ဒေါ်ခင်စန္ဒာထွေး ၃၈နှစ် (ဘ) ဦးအုန်းမောင် အား (ပ)၇၉/၂၀၁၈ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။