ဖေဖော်ဝါရီ ၁၂၊ မက်ဒရစ်။ ။ ဘာစီလိုနာကစားသမားဟောင်းနေမာအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းထံပြောင်းလာလိမ့်မည်ဟု မာဆယ်လိုက ယုံကြည်နေသည်။
ပြီးခဲ့သည့်သြဂုတ်လကမှ ယူရို ၂၂၂ သန်းဖြင့် ပီအက်စ်ဂျီအသင်းသို့ပြောင်းထားသော်လည်း ဘရာဇီးလက်ရွေးစင်နေမာသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် သတင်းထွက်နေသည်။
ရီးယဲလ်မက်ဒရစ်နောက်ခံအစွန်လူ မာဆယ်လိုကလည်း ဘရာဇီးအသင်းဖော်နေမာအနေဖြင့် စပိန်သို့ပြန်လာပြီး ရီးယဲလ်နှင့် ပူးပေါင်းလိမ့်မည်ဟု ယူဆနေခြင်းဖြစ်သည်။
“တနေ့မှာ ရီးယဲလ်မက်ဒရစ်အတွက် နေမာကစားပေးလိမ့်မယ်လို့ထင်တယ်။ နေမာက ရီးယဲလ်မက်ဒရစ်နဲ့သင့်တော်လားဆိုရင် သေချာတာပေါ့လို့ပဲ ဖြေရမယ်။ သူသာဒီကိုရောက်လာရင် သိပ်ကောင်းသွားမယ်။
ကျွန်တော့်အမြင်အရတော့ ကြီးကျယ်ခမ်းနားတဲ့ထိပ်တန်းကစားသမားတွေက ဒီမှာလာကစားကြတယ်”ဟု မာဆယ်လိုက ပီအက်စ်ဂျီနှင့်ရင်ဆိုင်ရမည့် ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက်ပွဲမတိုင်မီ ပြောသည်။
နေမာသည် ဘာစီလိုနာမှပြောင်းလာပြီးနောက် လက်ရှိရာသီတွင်ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲကစားပြီး ၂၈ ဂိုး သွင်းပေးထားသည်။
Ref; goal.com