ရန်ကုန် ၊ ဇန်နဝါရီ ၂၃ ။ ။ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက တိုင်းအစိုးရက ဖယ်ရှားရှင်းလင်းခဲ့သည့် ရန်ကုန်- မန္တလေး အမြန်လမ်း လှည်းကူးအနီး၌ တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းသည် ပြည်ထောင်စုအဆင့်မှ တာဝန်ယူဆောင်ရွက်သည့် စီမံကိန်းသာဖြစ်သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့၌ ရန်ကုန်- မန္တလေး အမြန်လမ်း ၃ မိုင် ၁ ဖာလုံရှိ အိမ်ရာစီမံကိန်းကွပ်ကဲရေးရုံးတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးမြင့်နိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ဝန်ကြီးဌာနကတော့ တိုက်ရိုက်လွှတ်တော်ကို တင်ပြထားတာမရှိပါဘူး။ လွှတ်တော်ကမေးမြန်းလာရင်လည်း ဖြေကြား ပေးပါတယ်။ ရန်ကုန်တိုင်းလွှတ်တော်မှာတော့ တင်ပြထားတာ မရှိပါဘူး။ ပြည်ထောင်စုအဆင့်က ဆောင်ရွက်တဲ့ စီမံကိန်း ဖြစ်လို့ပါ" ဟု ဦးမြင့်နိုင်က ဆိုသည်။
အဆိုပါ အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်၌ ရှင်းလင်းတင်ပြခြင်းမရှိသောကြောင့် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီး ပွားရေးကော်မတီက ဇန်နဝါရီ ၂ ရက်တွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဥပဒေနှင့် ညီညွတ်မှုရှိ မရှိ စိစစ်ပေးရန် တိုင်းဒေသကြီး လွှတ်တော်ဥပဒေရေးရာနှင့် လေ့လာသုံးသပ်ရေးအဖွဲ့သို့ တင်ပြထားသည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အဆိုပါ စီမံကိန်း ဖော်ဆောင်မည့် မြေနေရာအတွင်းရှိ ကျူးကျော်တဲများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရှင်းလင်းဖယ်ရှားခဲ့ပြီး အစိုးရပိုင်စိုက်ပျိုးမြေဧက ၁၄၀၀ ကျော်ပေါ်ရှိ ကျူးကျော်တဲ ၅၀၀၀ ကျော်အား ဇွန်လ ၁၂ ရက်မှ စတင်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်- မန္တလေး အမြန်လမ်း ၃ မိုင် ၁ ဖာလုံအနီး မြေဧက ၁၄၅၃ ဧကတွင်တည်ဆောက်မည့် Eco Green City အိမ်ရာစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Star Group of Companies တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်- မန္တလေး အမြန်လမ်း ၃ မိုင် ၁ ဖာလုံအနီး မြေဧက ၁၄၅၃ ဧကတွင် တည်ဆောက် သွားမည် ဖြစ်သည်။
ရန်ကုန်မြို့၏ လူဦးရေတိုးတက်မှုကြောင့် ၂၀၂၁ ခုနှစ်မတိုင်ခင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်၌ ပရောဂျက် အကြီးစားသုံးခု ဖော်ဆောင်ရန်ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စီစဉ်ကြောင်း သိရသည်။ ယင်းပရောဂျက်များထဲတွင် ယခုဖော်ဆောင်နေ သည့် Eco Green City လည်း အပါအဝင် ဖြစ်သည်။