ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။ ။ ရန်ကုန်မြို့တွင် အောက်ဆိုက်ကားများ ပြေးဆွဲနေခြင်းပြဿနာမှာ ယာဉ်မလုံလောက်မှုကြောင့်မဟုတ်ဘဲ ကုမ္ပဏီစနစ်မပေါ်ပေါက်သေး၍ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားစနစ်YBS၏ အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ဇန်နဝါရီ၁၆ရက် YBS တစ်နှစ်ပြည့်ပွဲတွင် မီဒီယာများအားပြောခဲ့သည်။
"ယာဉ်မလုံလောက်ဘူးဆိုတာတော့ အစ်ကိုတို့ကလက်မခံဘူး။ တချို့လိုင်းတွေမှာဆိုမင်းတို့လည်းကြားတယ်။ စည်းကမ်းထိမ်းသိမ်းရေးအရထုတ်ပစ်လိုက်ရတဲ့လိုင်းတွေရှိတယ်။ အဲဒီမှာဆိုရင် ယာဉ်တွေကလိုအပ်တာထက်ပိုနေတယ်။ အဲဒီကြောင့်မို့လို့ ယာဉ်ပိုင်ရှင်တွေအနေနဲ့ တစ်နေ့ဝင်ငွေကအရမ်းနိမ့်တယ် ။ အဲဒါမျိုးတွေလည်းရှိတယ် ။ ယာဉ်မလုံလောက်ဘူးဆိုတဲ့စကားကို အစ်ကိုတို့လက်မခံဘူး။ ဒါပေမယ့် ယာဉ်ကတော့ထပ်ပြီးဝင်လာဖို့ရှိတယ် ။အဲဒါကတစ်ခု"ဟု ရန်ကုန်ဘတ်စ်ကားစနစ်YBS၏ အမှုဆောင်အရာရှိချုပ် ဦးစောဘိုဘိုက ပြောသည်။
ထို့အပြင် ကုမ္ပဏီစနစ်မပေါ်ပေါက်သေးခင် တစ်ဦးတည်းယာဉ်ပိုင်ရှင်များက မိမိပိုင်ဆိုင်မှုသာအဓိကထားကြပြီး ကုမ္ပဏီစနစ်ဖြစ်လာပါက ကုမ္ပဏီ၏ဂုဏ်သိက္ခာအရ ခရီးသည်များကျေနပ်စေရန် ညဘက်ပြေးဆွဲပေးရသည်များရှိကြောင်း ဦးစောဘိုဘိုကပြောသည်။
"ခုနပြောတဲ့အောက်ဆိုက်ဆိုတဲ့အခြေအနေက ကုမ္ပဏီအသစ်ပေါ်ပေါက်လာရေးနဲ့ နောက်မကြာမှီ တစ်လအတွင်းမှာဝင်လာမယ့် ယာဉ်လိုင်းတွေဝင်လာရင် တော်တော်လေးဖြေရှင်းသွားနိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးစောဘိုဘိုက ဆိုသည်။
ကုမ္ပဏီအသစ်ဟုဆိုရာတွင် YBS လောကထဲသို့ အပြင်မှသီးသန့်ရောက်ရှိလာမည့် ကုမ္ပဏီမျိုးကိုဆိုလိုခြင်းမဟုတ်ဘဲ ရှိပြီးသားကုမ္ပဏီများကို ပူးပေါင်းစေခြင်းမျိုးဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
လက်ရှိအချိန်ထိ ရန်ကုန်မြို့ရှိ ယာဉ်လိုင်းအများစုမှာ ည ၉နာရီအချိန်ထိ နောက်ဆုံးထားပြေးဆွဲနေကြပြီး ၈ နာရီဝန်းကျင်ထိသာ ပြေးဆွဲနေသည့် ယာဉ်လိုင်းများလည်းရှိနေဆဲဖြစ်သည်။
အောက်ဆိုက်ကားဟုခေါ်သည့် တရားမဝင်လိုင်းကားမှာ YBSယာဉ်လိုင်းများမရှိချိန်၌ ပြေးဆွဲလျက်ရှိပြီး ရုံးဆင်းချိန် ၆နာရီအချိန်၌ပင် ရန်ကုန်မြို့တွင်း၌ တွေ့ရှိနေရသည်။
၂၀၁၇ ဇန်နဝါရီ၁၆ရက်မှစတင်ခဲ့သော YBSစနစ်သည် တစ်နှစ်ကျော်သက်တမ်းရှိလာပြီဖြစ်ကာ ကုမ္ပဏီပေါင်း ၂၀ကျော်၊ ယာဉ်အစီးရေ ၅၃၁၉စီးနှင့် ယာဉ်လိုင်း၉၀ကျော်ရှိနေသည်။