ပေကျင်း၊ ဇန်နဝါရီ ၁၃ ။ ။ အရှေ့တရုတ်ပင်လယ်အတွင်း ပြီးခဲ့သည့် သီတင်းပတ်က ရေနံတင်သင်္ဘောနှင့် ကုန်တင်သင်္ဘောတစ်စီးတို့ တိုက်မိမီးလောင်မှုတွင် ရှာဖွေရေးများ လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ရာ ဇန်နဝါရီ ၁၃ ရက်တွင် ရေနံတင်သင်္ဘောမှ အမှုထမ်းသင်္ဘောသားနှစ်ဦး၏ ရုပ်အလောင်းအား ဆယ်ယူရရှိသည်။
အဆိုပါ ရုပ်အလောင်းနှစ်လောင်းကို တိုက်မိမှုကြောင့် မီးလောင်နေသည့် အီရန်ရေနံတင်သင်္ဘော Sanchi ၏ အသက်ကယ်လှေပေါ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရှိရခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံသတင်းက ထုတ်လွှင့်သည်။
အဆိုပါ မီးလောင်ရာ သင်္ဘောပေါ်သို့ ကယ်ဆယ်ရေးသမားများ နာရီဝက် မပြည့်သည့် အချိန်အထိ တက်ရောက်နိုင်ခဲ့ပြီး သင်္ဘောမှ အချက်အလက်များနှင့် ဗီဒီယိုမှတ်တမ်းများ ရယူနိုင်ခဲ့သည်ဟုလည်း ယင်းရုပ်သံသတင်းက ဖော်ပြသည်။
အပူချိန် ၈၉ ဒီဂရီဆဲလ်စီးရပ်စ်အထိ မြင့်မားနေခြင်းကြောင့် သင်္ဘောသားများ အိပ်ခန်းသို့ ဝင်ရောက်ရှာဖွေနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးသမားများ ရိုက်ကူးသော ဗီဒီယိုအရ Sanchi သင်္ဘောမှာ မီးလောင်နေဆဲဖြစ်ကြောင်း တွေ့ရသည်။
ပနားမားမှတ်ပုံတင်ထားသော အီရန်မှ တောင်ကိုရီးယားသို့ ခုတ်မောင်းလာသည့် ယင်းရေနံတင်သင်္ဘောသည် ဇန်နဝါရီ ၆ ရက် ညနှောင်းပိုင်းတွင် ဟောင်ကောင်မှတ်ပုံတင် CF Crystal 257 ကုန်တင်သင်္ဘောနှင့် ရှန်ဟိုင်းကမ်းလွန်တွင် တိုက်မိကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်မှတ်ပုံတင် တရုတ်သင်္ဘောမှ အမှုထမ်း တရုတ်နိုင်ငံသား ၂၁ ဦးစလုံးကို ကယ်ဆယ်နိုင်သော် အီရန်သင်္ဘောပေါ်မှ အမှုထမ်း ၃၂ ဦးစလုံး ပျောက်ဆုံးနေကြောင်း လည်း တရုတ်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်္ဘောနှစ်စီး တိုက်မိရသည့် အကြောင်းအား လတ်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Sanchi သင်္ဘောသည် ရေနံ တန်ချိန် တစ်သိန်းခွဲ တင်ဆောင်လာခြင်းဖြစ်ကာ Crystal သင်္ဘောမှာ အမေရိကန်မှ ဂျုံများ တင်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ပြောထားသည်။