မုံရွာ၊ ဇန်နဝါရီ ၁၂။ ။ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ ကလေးအထူးကု ဆေးရုံတွင် လိုအပ်နေသော ဆေးပစ္စည်းများအား ကုသရေးဦးစီးဌာန၊ နေပြည်တော်သို့ တင်ပြတောင်းခံထားကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောသည်။
ဆေးရုံတွင် လိုအပ်လျှက်ရှိသော ဆေးပစ္စည်း ကိရိယာများအား တင်ဒါဖြင့်ဝယ်ယူရန်အတွက် နိုဝင်ဘာလ အတွင်းက တင်ပြထားခြင်းဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး၏ စစ်ကိုင်းတိုင်း ခရီးစဉ်အတွင်းကလည်း မှာကြားထားခဲ့ပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါဆေးရုံသည် ကလေးနှင့် အမျိုးသမီးသားဖွား၊ ကုတင် ၂၀၀ ဆန့်ဆေးရုံဖြစ်ပြီး အိန္ဒိယနိုင်ငံမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၂ သန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စည်းရုံးကာ အလှူရှင်များ၏ အလှူငွေများ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကလေးနှင့်အမျိုးသမီးသားဖွားဆေးရုံသို့ ပြည်သူ့ဆေးရုံကြီးမှ အမျိုးသမီးနှင့်ကလေးများအား သီးသန့်ကုသရန် အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြောင်းရွှေ့ကုသခဲ့ပြီး နေ့စဉ် လူနာ ၂၅၀ ခန့် တက်ရောက် ကုသလျှက်ရှိကြောင်း မုံရွာမြို့နယ် မဲဆန္ဒနယ်အမှတ် ၁၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အမာကြည် ကပြောသည်။
အဆိုပါဆေးရုံတွင် OG Ward အတွက် အမျိုးအစား (၁၄)မျိုး၊ ကလေးဆောင်အတွက် အမျိုးအစား (၂၀)မျိုး၊ ဓါတ်မှန်ဆောင်အတွက် အမျိုးအစား(၁)မျိုး၊ ရင်ခွဲရုံအတွက် အမျိုးအစား (၁)မျိုး၊ ဓါတ်ခွဲဌာန၏ Haematology Section အတွက် အမျိုးအစား (၄)မျိုး၊ Biochemistry Section အတွက် အမျိုးအစား (၂)မျိုး၊ Microbiology Section အတွက် အမျိုးအစား (၂)မျိုး၊ Blood Bank အတွက် အမျိုးအစား (၆)မျိုး တို့ လိုအပ်လျှက်ရှိကြောင်း သိရသည်။