တောင်ကိုရီးယားပေါ့ပ်ဂီတလောက၌ သက်တမ်းအရှည်ကြာဆုံး အမျိုးသားပေါ့ပ်ဂီတအဖွဲ့ဖြစ်သည့် Shinhwa အဖွဲ့သည် အဖွဲ့တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အထိမ်း အမှတ်အဖြစ် ပရိသတ်များအတွက် မမေ့နိုင်စရာ အမှတ်တရများ ပြုလုပ်သွားရန်စီစဉ်ထားသည်ဟု နှစ်သစ်ကူးနေ့တွင် သူတို့အဖွဲ့၏ တွစ်တာအကောင့်မှတဆင့် အတည်ပြုပြောဆိုခဲ့သည်။
ဒါ့အပြင် ဇန်နဝါရီ ၂ ရက်နေ့တွင် Shinhwa ကုမ္ပဏီက “ယခု ၂၀၁၈ ခုနှစ်ဟာ Shinhwa အဖွဲ့ဂီတလောကထဲ ကိုဝင်ရောက်တာ နှစ် ၂၀ ပြည်တဲ့နှစ်ပဲဖြစ်ပါတယ်။ ဒါဟာ အဖွဲ့ဝင်များနဲ့ ပရိသတ်များအတွက် အဓိပ္ပါယ်ရှိပြီး ထူးခြား တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းအတွက် မမေ့နိုင်စရာအမှတ်တရလေးတွေ ပြုလုပ်သွားဖို့ စီစဉ် ထားပါတယ်။ Shinhwa အဖွဲ့ဟာ သီချင်းအယ်လ်ဘမ်အသစ်တွက်သာမက အခြားအနုပညာလုပ်ငန်းတွေ အတွက်လည်း ပြင်ဆင်နေပါတယ်” ဟု သတင်းထုတ်ပြန်ကာ ပရိသတ်များကို အသိပေးခဲ့သည်။
Shinhwa အဖွဲ့ကို လွန်ခဲ့သော ၁၉၉၈ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ် ၂၀ အတွင်း စတူဒီယိုအယ်လ်ဘမ် ၁၃ ချပ်ထွက်ရှိခဲ့ကာ ဆုပေါင်းများစွာ ဆွတ်ခူးရရှိခဲ့သည်။
Ref: Soompi