ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ။ ။ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၊ ၄ မိုင် ၂ ဖာလုံတွင် ဖြစ်ပွားခဲ့သောမီးလောင်ပြီး လူ ၈ ဦးသေဆုံးမှုနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား ယနေ့ ဒီဇင်ဘာ ၂၉ ရက်၊ လှည်းကူးမြို့နယ်တရားရုံးတွင် ပုဒ်မ ၃ခုဖြင့် စွဲချက်တင်အမိန့်ချခဲ့သည်။
အဆိုပါ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်အား လှည်းကူးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃ဝ၄(က)၊ ၂၈၅၊ ၂၇၉ ဖြင့် လှည်းကူးမြို့နယ်တရားသူကြီးက စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။
"ပထမတုန်းက အစ်မတို့က ၃ဝ၄(က)နဲ့စွဲတာ။ အခုကအစ်မတို့ စစ်ဆေးပေါ်ပေါက်ချက်အရ ဒီပုဒ်မ ၃ ခုနဲ့စွဲတာပေါ့နော်။ ၃ဝ၄(က)ဆိုတာကတော့ ပေါ့လျော့စွာ ယာဉ်မောင်းနှင်မှုကြောင့် လူသေစေတာ။ ၂၈၅ ဆိုတာက မီးကိုပေါ့လျော့စွာအသုံးပြုတဲ့အတွက်မီးလောင်ကျွမ်းတာ။ ၂၇၉ ဆိုတာကတော့ ယာဉ်ကိုမဆင်မခြင်အများပြည်သူနဲ့ဆိုင်တဲ့နေရာမှာ မောင်းနှင်တာပေါ့နော် "ဟု လှည်းကူးမြို့နယ် တရားသူကြီးက ပြောသည်။
အဆိုပါ လူ ၈ ဦးထိသေဆုံးခဲ့သည့်အမှုအား တရား ရုံးချိန်း ၃၃ ချိန်း၊ တရားလိုပြနှင့် လိုပြသက်သေ ၂၂ ဦးထိ စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ စွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လူ ၈ ဦးထိသေဆုံးခဲ့သည့် ကားမီးလောင်မှုမှာ ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည့် ဟိုက်အေ့စ် ကိုယ်ပိုင်ယာဉ်မှာ ပုဂံတွင်ဖူးပြီးအပြန် နေပြည်တော်မှ ရန်ကုန်သို့မောင်းနှင်လာစဉ် အမြန်လမ်း၊ ၄ မိုင် ၂ ဖာလုံတွင် လမ်းလယ်ရှိ အလူမီနီယံပေါင်အား တိုက််မိကာ ကားမီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကားမီးလောင်မှုကြောင့် အမျိုးသမီး ရ ဦးနှင့် အမျိုးသား ၁ ဦး၊ စုစုပေါင်း ၈ ဦးသေဆုံးခဲ့ပြီး လက်ရှိ အမှုရင်ဆိုင်နေရသော ယာဉ်အားမောင်းနှင်ခဲ့သူ အောင်ခန့် ဇွဲမြန်မာ (ခ) အောင်ခန့်ဆိုသူမှာ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။