ရန်ကုန် ဒီဇင်ဘာ ၁၇ ။ ။ မြန်မာ့ဒီမိုကရေစီရေးရဲ့ အဓိကထောက်တိုင်တွေ ပြိုလဲကုန်ပြီလား ခေါင်းစဉ်ဖြင့် ဆွေးနွေးအသိပညာပေးပွဲ တစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် ယနေ့နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ပြုလုပ်ပြီး ဆွေးနွေးသူအဖြစ် ဒေါက်တာ ခင်ဇော်ဝင်း ( Tanpadipa Institute )၊ မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ) နှင့် စာရေးဆရာကျော်ဝင်း တို့က ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ဒီမိုကရေစီအရေးကို ခြိမ်းခြောက်ခံနေရသော အကြမ်းဖက်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာစိန်ခေါ်မှုများ၊ပြည်ပမီဒီယာများ၏ ရခိုင်အရေးအပေါ် စွပ်စွဲရေးသားမှုများ၊ တပ်မတော်အခန်းကဏ္ဍနှင့် လက်ရှိအစိုးရ၏ စိန်ခေါ်မှုများအကြောင်းကို အဓိက ဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်သည်။
ဆွေးနွေးဟောပြောပွဲသည် သုံးနာရီခန့်ကြာခဲ့ပြီး ပရိတ်သတ်များ သိချင်သည့်မေးခွန်းမေးမြန်းမှုများလည်း ပါဝင်သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က မကြာခဏဆွေးနွေးဟောပြောပွဲများကို ဦးဆောင်ပြုလုပ်လေ့ရှိပြီး ယနေ့ပွဲသည် ၂၀၁၇ ခုနှစ်အတွင်း ငါးကြိမ်မြောက်ပွဲလည်းဖြစ်သည်။