နေပြည်တော်(ဒီဇင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ သန်းခေါင်စာရင်းအချက်အလက်အရ ထုတ်ပြန်ရန် ကျန်ရှိနေသည့် လူမျိုးစာရင်းတွင် ယခင်က သတ်မှတ်ထားသည့် ၁၃၅မျိုးထက် တိုးလာဖွယ်မရှိဘဲ လျော့နည်းလာဖွယ်ရှိသည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
“ဖြစ်နိုင်တာကတော့ လျော့နည်းဖို့ပဲ များပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့တွေက ထပ်နေတာတွေရှိတယ်လို့ ပြောကြလို့ပါ” ဟု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
နေပြည်တော် MICC-2 တွင် ဒီဇင်ဘာ ၁၄ရက်က ကျင်းပသည့် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အခမ်းအနား နံနက်ပိုင်းနားချိန်တွင် ထုတ်ပြန်ရန် ကျန်နေသည့် လူမျိုးစုစာရင်းနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဦးသိန်းဆွေက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အချို့တွင် ထပ်နေသည့် လူမျိုးစုများ ရှိသလို သီးသန့်ခွဲချင်သည့် လူမျိုးစုတချို့လည်း ရှိခြင်းကြောင့် လူမျိုးစုစာရင်းအချက်အလက် ထုတ်ပြန်ရန် ကြန့်ကြာနေသေးခြင်းလည်း ဖြစ်သည်။
“ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အချို့ ကျန်နေတဲ့အတွက် လောလောဆယ် မထုတ်ပြန်နိုင်သေးတာ ဖြစ်ပါတယ်။ အမြန်ဆုံး ထုတ်နိုင်အောင်တော့ ကြိုးစားနေပါတယ်” ဟု ဦးသိန်းဆွေက ဆိုသည်။
အစိုးရအနေဖြင့် သန်းခေါင်စာရင်းမှရရှိသည့် အချက်အလက်များကို အခြေခံ၍ အသက်အပိုင်းအခြားအလိုက် လူဦးရေ၊ ပညာရေးအကြောင်းအရာ၊ စီးပွားရေးအကြောင်းအရာ၊ အလုပ်အကိုင်ရရှိမှု၊ နေထိုင်မှုပုံစံ၊ မသန်စွမ်းအကြောင်းအရာ၊ ပြောင်းရွှေ့သွားလာခြင်းပုံစံ၊ မွေးဖွားခြင်းနှင့်သေဆုံးခြင်း စသည့် အချက်အလက်များကို ထုတ်ပြန်ထားပြီး ဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ခုနှစ်က ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ဒဿမ ၄၈သန်း ရှိသည်ဟု ထုတ်ပြန်ထားသည်။