မီးတောင်ပြာများ မှုတ်ထုတ်ခြင်းကြောင့် ပိတ်ထားသည့် ဘာလီကျွန်း လေဆိပ် ပြန်လည်ဖွင့်လှစ်

မီးတောင်ပြာများ မှုတ်ထုတ်ခြင်းကြောင့် ပိတ်ထားသည့် ဘာလီကျွန်း လေဆိပ် ပြန်လည်ဖွင့်လှစ်

 

ဂျကာတာ၊ နိုဝင်ဘာ ၂၉ ။            ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပေါက်ကွဲနိုင်ခြေကြောင့် လှုပ်ခါနေသော အာဂွန်မီးတောင်မှ ပြာမှုန်များ မှုတ်ထုတ်လျက်ရှိသဖြင့် သုံးရက်နီးပါး ပိတ်ထားခဲ့ရသည့် အပြည်ပြည်ဆိုင်ရာလေဆိပ်အား နိုဝင်ဘာ ၂၉ ရက်တွင် ပြန်လည်ဖွင့်လှစ်ပြီဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက်မှစကာ လေဆိပ်ပိတ်ထားရ၍ ရာပေါင်းများစွာသော လေယာဉ်များ မပျံသန်းနိုင်ဘဲရှိခြင်းကြောင့် သောင်တင်နေသည့် ကမ္ဘာလှည့်ခရီးသွား ၁၂၀၀၀၀ ကျော်တွင် အပြန်ခရီးနှင်မည့် တစ်ချို့သူများအတွက် မျှော်လင့်ချက် ပွင့်လာခြင်းပဲ ဖြစ်သည်။

မည်သည့်အချိန်တွင် လေယာဉ်ပြေးဆွဲပျံသန်းမည်ဆိုခြင်းနှင့် ပတ်သက်ပြီး သေချာမသိရသေးဘဲ အကယ်၍ လေတိုက်လမ်းကြောင်း ပြောင်းလဲကာ လေယာဉ်ပျံသန်းမှုများအတွက် အန္တရာယ်ရှိမည်ဆိုပါက လေဆိပ်ကို ပြန်ပိတ်ရမည်ဖြစ်ကြောင်း လေဆိပ်တာဝန်ရှိသူများက သတိပေးချက် ထုတ်ထားသည်။

ပြာမှုန်များသည် လေယာဉ်ပြေးလမ်း လမ်းကြောင်းချော်စေခြင်းနှင့် အင်ဂျင်များအတွင်း ဝင်ရောက်ခြင်းတို့ကြောင့် လေယာဉ်များအတွက် အန္တရာယ်ကြီးသည်။

“ဖြစ်နေတဲ့ အခြေအနေကို ကျွန်တော်တို့ စဉ်ဆက်မပြတ် စောင့်ကြည့်နေဆဲဖြစ်ပါတယ်။”ဟု လေဆိပ်ပြောခွင့်ရသူ အာရေးက အေအက်ဖ်ပီသို့ ပြောသည်။

“ဒီနေ့ လေဆိပ်ပြန်ဖွင့်တာကို ကျွန်မ မသိဘူး။ ကျွန်မတို့ လေယာဉ်က ဒီည ထွက်မယ်ဆိုလို့တာ ဟိုတယ်က ထွက်ခွာပြီး ရောက်လာတာဖြစ်တယ်။ ခုလိုဆိုတော့ လေဆိပ်ပြန်ဖွင့်တဲ့ သတင်းကြောင့် ကျွန်မတော့ တော်တော် ပျော်သွားပြီ။”ဟု သြစတြေးလျ ဧည့်သည်တစ်ဦးက ပြောခဲ့သည်။

မီးတောင်သည် အချိန်မရွေး ပေါက်ကွဲမှုကြီး ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားဆဲဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required