ရန်ကုန်၊ နိုဝင်ဘာလ ၁၉ ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ မကွေ့ကျေးရွာအနီး၊ ကလော- သာစည် ကားလမ်းတွင် ဆိုင်ကယ် တစ်စီးအတွင်းဝှက်ယူလာသော ဘိန်းစိမ်း ၁၁ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
အဆိုပါ ဘိန်းစိမ်းများကို နိုဝင်ဘာလ ၁၈ ရက်၊ နံနက် ၁၁ နာရီအချိန်တွင် တောင်ကြီးမြို့မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ကလော- သာစည်ကားလမ်းတွင် အသက် ၂၁ နှစ်အရွယ် လှိုင်ဇော်ဝင်းဆိုသူ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သော လှိုင်ဇော်ဝင်းဆိုသူကို သက်ဆိုင်ရာရဲစခန်းတွင် မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်အချိန်တွင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ နယ်၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယမ်းခေါင်ကျေးရွာနေ ခေါ်ကေဆိုသူနေအိမ် အတွင်းမှ ခေါ်ကေနှင့် စိုင်းရှဲန်ဆိုသူတို့နှင့်အတူ ဘိန်းဖြူ ရ၆ ဒသမ ၄ ဂရမ် နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၈ဝဝ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သော ခေါ်ကေနှင့် စိုင်းရှဲန်ဆိုသူတို့ ၂ ဦးကိုလည်း သက်ဆိုင်ရာ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။