အောက်တိုဘာ ၂၉ ။ ။ ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရယူပြီး မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် ချန်ပီယံအသင်းသစ်အဖြစ် မှတ်တမ်းရေးထိုးလိုက်ပြီဖြစ်သည်။
တောင်ကြီးကွင်းတွင်ယှဉ်ပြိုင်ကစားခဲ့သည့် ယခုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းသည် ဟံသာဝတီအသင်းကို အဖက်ဖက်က အသာစီးဖြင့် ကစားခဲ့ပြီး ပထမပိုင်း ၂၁ မိနစ်တွင် ဇင်မင်းထွန်းက အဖွင့်ဂိုးကိုစတင်သွင်းယူခဲ့သည်။ ထို့နောက် ဒုတိယပိုင်း ၅၃ မိနစ်နှင့် မိနစ် ၉၀ တို့တွင် ဝါရင့်တိုက်စစ်မှူးစိုးမင်းဦးက ဒုတိယဂိုးနှင့်တတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ပြီး နောက်ဆုံးဂိုးကို ခရစ္စတိုဖာက ၉၃ မိနစ်တွင် သွင်းယူပေးခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် တစ်ပတ်က ရန်ကုန်အသင်းကို အနိုင်ရရှိပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဖလားကို ပထမဆုံးရယူနိုင်ခဲ့သလို ယခု မြန်မာနေရှင်နယ်လိဂ်ဖလားကို ပထမဆုံးအကြိမ် ထပ်မံရယူနိုင်ခြင်းဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သမိုင်းတွင် ရန်ကုန်ယူနိုက်တက်နှင့်ရတနာပုံအသင်းတို့သာ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ကြဖူးပြီး ရှမ်းယူနိုက်တက်အသင်းမှာ ချန်ပီယံအသစ် ဖြစ်လာခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းနှင့် ချန်ပီယံလုဖက်ဖြစ်သည့် ရန်ကုန်အသင်းမှာ ချင်းယူနိုက်တက်အသင်းကို ၇-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သော်လည်း ရှမ်းအသင်းက ဟံသာဝတီကို အနိုင်ရခဲ့သည့်အတွက် ချန်ပီယံဆုကြီးကို လက်လွှတ်ခဲ့ရသည်။