မနီလာ၊ အောက်တိုဘာ ၂၄ ။ ။ ဖိလစ်ပိုင်တောင်ပိုင်းတွင် အိုင်အက်စ်ထောက်ခံသော ဘာသာရေးစစ်သွေးကြွများကို ချေမှုန်းသည့် ငါးလကြာ စစ်ပွဲသည် ဗလီတစ်ခုအတွင်း နောက်ဆုံးတိုက်ပွဲတစ်ရပ်အား တိုက်ခိုက်ပြီးနောက် အဆုံးသတ်လိုက်နိုင်ပြီဖြစ်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၂၃ ရက်တွင် ပြောသည်။
မာရာဝီမြို့တွင် ဖြစ်ပွားသော လူပေါင်း ၁၁၀၀ ကျော် သေဆုံးရသည့် စစ်ပွဲအဆုံးသတ်ကြောင်း ကြေညာချက်သည် အိုင်အက်စ်အဖွဲ့က မြို့ကို အခြေစိုက်ပြီး အရှေ့တောင်အာရှတွင် ခြေကုပ်ယူမည်ကို စိုးရိမ်ကြောက်ရွံ့မှုများ ပြေလျော့စေသည်။
“မာရာဝီမှာ ဖြစ်နေတဲ့ တိုက်ပွဲဆင်နွှဲမှုအားလုံး နိဂုံးချုပ်လိုက်နိုင်ပြီဆိုတာ ကျွန်တော်တို့ အခုကြေညာပါတယ်။”ဟု ဖိလစ်ပိုင်မြောက်ပိုင်း ကလက်မြို့က ဒေသတွင်း လုံခြုံရေးအစည်းအဝေး ပြင်ပန်းတွင် သတင်းထောက်များအား ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လော်ရန်ဇာနာက ပြောသည်။
“မာရာဝီမြို့တွင်းမှာ စစ်သွေးကြွတွေ မရှိတော့ပါ။”ဟု ၎င်းက ဆိုသည်။
အိုင်အက်စ်ကို သစ္စာခံသော ဒေသခံနှင့် နိုင်ငံခြားသား လက်နက်ကိုင် ရာပေါင်းများစွာက မေ ၂၃ ရက်တွင် ကက်သလစ်ဘာသာဝင် အများစုနိုင်ငံ ဖိလစ်ပိုင်က အစ္စလာမ်အဓိကမြို့ မာရာဝီကို ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ စီးနင်းကာ အရပ်သားများကို လူသားဒိုင်းများအဖြစ် အသုံးချကာ မြို့အား သိမ်းပိုက်ထားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်စစ်တပ်ဖက်က အမေရိကန်က စစ်ရေးကူညီကာ တိုက်ပွဲများ ဆင်ရာ စစ်သွေးကြွ ၉၂၀၊ စစ်သား ၁၆၅ ဦးနှင့် အရပ်သား ၄၇ ဦး သေဆုံးကြောင်း စစ်တပ်က ထုတ်ပြန်သည်။
နေ့စဉ်နှင့်အမျှ လေကြောင်း ထိုးစစ်များနှင့် မြေပြင် တိုက်ပွဲပြင်းထန်မှုများကြောင့် ဒေသခံ လေးသိန်းကျော် နေရပ်ပြောင်းရွှေ့မှုများ ရှိခဲ့သည်။
အဆိုပါ မာရာဝီမြို့မှ အစ္စလာမ်မစ်အစွန်းရောက်များကို ချေမှုန်းသည့် စစ်ပွဲအား အပြီးသတ်နိုင်ပြီဟု သမ္မတ ဒူတာတေးက အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့ခြင်းဖြစ်သော်လည်း အကြွင်းအကျန် ရှိနေသေးသော စစ်သွေးကြွများနှင့် ဆက်လက်တိုက်ခိုက်နေခဲ့ရာမှ ယခုတွင် စစ်ပွဲများ အဆုံးသတ်ကြောင်းကို ကာကွယ်ရေးဝန်ကြီးက ပြောလာခြင်း ဖြစ်သည်။