မနီလာ၊ အောက်တိုဘာ ၁၇ ။ ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အကျဉ်းထောင်ကို အကျဉ်းဦးစီးဗျူရိုနှင့် မနီလာရဲတပ်ဖွဲ့တို့က အောက်တိုဘာ ၁၆ ရက်တွင် အံ့အားသင့်စဖွယ် ရှောင်တခင်စီးနင်းမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ရှောင်တခင် စီးနင်းစစ်ဆေးမှုများ လုပ်ဆောင်ခြင်းကြောင့် အကျဉ်းသား ၅၀၀၀ ကျော်သည် ထောင်ကွက်လပ်ကွင်းပြင်တွင် ထွက်ထိုင်နေခဲ့ကြရသည်။
အကျဉ်းဦးစီးနှင့် ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် အဆောင်များအတွင်းသို့ စီးနင်းကာ အချုပ်ခန်းများအတွင်း ပိုက်စိပ်တိုက်ပြီး မျက်နှာကြက်များ၊ ထုပ်တန်းဆင့်များပါမကျန် ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြသည်။
ကန့်သတ်ထားသည့် ပစ္စည်းပစ္စယများ ရှိနေ၊ မရှိနေကို အကျဉ်းသားများ၏ ဗီရိုများတွင်း အဝတ်အစားများပါမချန် လှန်လှောရှာဖွေခြင်း ဖြစ်သည်။
ကြေညာခြင်းမရှိသော ယခုရှောင်တခင်စစ်ဆေးမှုအတွင်း ကက်ကြေးများ၊ ခက်ရင်းများ၊ ဝက်အူရစ်များ၊ သင်တုန်းဓားများ၊ ဆေးထိုးအပ်များ၊ ဖဲကတ်များ၊ တူများစသည့် တားမြစ် ပစ္စည်းပစ္စယများကို ရှာဖွေတွေ့ရှိခဲ့သည်။
ဖိလစ်ပိုင်က အကျဉ်းထောင်များသည် လူပြည့်ကြပ်ခြင်းများကြောင့် နာမည်ဆိုးထွက်နေသည့် ထောင်များပင် ဖြစ်သည်။ ဇွန်လအတွင်းက ဖိလစ်ပိုင်စာရင်းစစ်ကော်မရှင် ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းက ထောင်များသည် လူပြည့်ကြပ်မှု ၅၁၁ ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။