ချင်းမိုင်၊ အောက်တိုဘာလ ၉ ။ ။ ထိုင်းနိုင်ငံတွင် ရေလုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားသား ရေလုပ်သားများကို လှေလုပ်သားကဒ် ခေါ် Seabook ထုတ်ပေး၍ လုပ်အားခကိုလည်း ATM စနစ်ဖြင့် ပေးသွင်းနိုင်ရန် ထိုင်းအစိုးရက ပြီးခဲ့သည့် ပတ်အတွင်းက စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသား ရေလုပ်သားများ အပါအဝင်၊ ကမ္ဘာဒီယား၊ လာအို နိုင်ငံသား ရေလုပ်သားများအနေဖြင့် တရားဝင် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ လုပ်ဆောင်ပေးတော့မည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)မှ ဒုဥက္ကဌ ဦးအောင်ကျော်က ပြောသည်။
“ထိုင်းအစိုးရက လုပ်ပေးဖို့အစီအစဉ် ဆွဲလိုက်တာ။ ဒါကတော့ ရေလုပ်သားအရေးကို နိုင်ငံတကာ ဝိုင်းဝန်းပြီးမှ အလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်နေတာကို ဝိုင်းဝန်းထောက်ပြရင်းနဲ့ လုပ်သားတွေကို ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ လုပ် အားခကို အပြည့်အဝ ရရှိရေး၊ ဒီရေလုပ်သားတွေကို သီးသန့် အထောက်အထားတခုအနေနဲ့ လုပ်ပေးဖို့၊ နောက်ရေ လုပ်သားတွေကို ငွေပေးချေတဲ့အခါမှာလဲ ပေးချင်သလောက် ပေးတာမျိုး မဟုတ်ဘဲနဲ့ တရားဥပဒေနဲ့ အညီ ATM ကဒ်ထဲကို ထည့်ပေးဖို့ ဝိုင်းဝန်း အကြံပြုတဲ့အတွက်ကြောင့် အဲဒါတွေကို သူတို့ လုပ်ဆောင်မယ်လို့ ပြောတယ်”ဟု ဦးအောင်ကျော်က ပြောသည်။
ရေလုပ်သားတစ်ဦး တစ်လလျှင် ရရှိသည့် လုပ်အားခ လစာ ဘတ်၉၀၀၀ ပေးရန် ထိုင်းအစိုးရ သတ်မှတ်ထားသော်လည်း ရေလုပ်ငန်းရှင်များက လုပ်အားခ အပြည့်အဝ မပေးခြင်းများရှိသဖြင့် ယခုကဲ့သို့ ဘဏ်စနစ် ATMတွင် လစာပေးသွင်းရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းသိရသည်။
ရေလုပ်သားများအတွက် Seabookနှင့် ဘဏ်စနစ်ဖြင့် လုပ်ဆောင်နေခြင်းသည် လုပ်အားခများ လုပ်သားများ လက်ထဲ ငွေရောက်ဘဲ လူပွဲစားများ၏ လက်ထဲရောက်ရှိသွားနိုင်သည့် အန္တရယ်လည်းရှိနေပြီး လူကုန် ကူးမှုကို ပိုမိုအားပေးသကဲ့သို့ ဖြစ်နေနိုင်သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် (MAT) မှ ဒါရိုက်တာ ဦးကျော်သောင်းက ပြောသည်။
“အလုပ်လုပ်ရှင် အလုပ်သမားတွေ ဘဏ်နာမည်နဲ့ လုပ်ထားတဲ့ဟာကို ထည့်ပေးလိုက်ပြီလို့ ပြောတယ်။ သို့သော်အဲဒီဘဏ်နံပါတ်တွေက လူပွဲစားတွေရဲ့လက်ထဲမှာရှိတယ်။ အဲတော့ ထည့်ပြီးပြီ လုပ်အားခ ရှင်းပြီးပြီလို့ ပြောလို့ ရသလား။ ရေငါးဖမ်းသမားတွေက လုံးဝ ပင်လယ်ထဲမှာနေရတာ။ သူတို့ လုပ်အားခတွေကို ချုပ်ထားတယ်။ ခေတ်သစ်လူကျွန်ပြုတာ အားပေးတာဘဲလို့ ကျနော်ကန့်ကွက်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။
ထို့ပြင် ထိုင်းအစိုးရအနေဖြင့် နိုင်ငံတကာ အမြင်တွင် ထိုင်းနိုင်ငံတွင် လူကုန်ကူးမှု မရှိကြောင်း ရေလုပ်သားများကို တရားဝင် လုပ်ဆောင်ပေးနေကြောင်း ပေါ်လွင်ရန် လုပ်ပြခြင်းမျှသာ ဖြစ်သည်ဟု သူက ပြောသည်။
ထိုင်းအစိုးရအနေဖြင့် ယခုအစီအစဉ်ကို မည့်သည့် အချိန်တွင် စတင်၍ စတင်အကောင်အထည်ဖော်မည်ကို ပြောဆိုထားခြင်း မရှိသေးသော်လည်း မကြာမီအချိန်အတွင်း အကောင်အထည်ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း MWRN ကသုံးသပ်သည်။