နေပြည်တော်(ဩဂုတ် ၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦများကို ပေါ်လစ်တင် ဆေးသုတ်ရာတွင် ကုန်ကျစရိတ် အဆမတန် များပြားနေသည့်အတွက် စုံစမ်းစစ်ဆေးရေးကော်မတီတစစ်ဆေးရာတွင် ပုံမှန်ကုန်ကျစရိတ်ထက် သုံးဆခန့် များပြားနေသည်ဟု အဆိုပါ စစ်ဆေးရေးကော်မတီမှ အဖွဲ့ခေါင်းဆောင်က ပြောသည်။
ပြီးခဲ့သည့် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် အဆိုပါ လွှတ်တော်အဆောက်အဦများအား ဆေးသုတ်စရိတ်အဖြစ် ကျပ်သိန်း ၅၈၀၀ခန့် ကုန်ကျခဲ့ကြောင်း တင်ပြလာမှုအပေါ် စုံစမ်းစစ်ဆေးခဲ့ရာ အမှန်တစ်ကယ်မှာ ၄ပုံ ၁ပုံသာ ကုန်ကျသည်ကို တွေ့ရှိရကြောင်း ဂန့်ဂေါမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်ယဉ်မင်းလှိုင်က ပြောသည်။
“တွေ့ရှိချက်ကကျတော့ ကွာလတီတွေ မမီဘူး။ သုံးစွဲထားတဲ့ သုတ်ဆေးတွေက ပင်ကိုယ်အရည်အသွေးကို မမီတဲ့အတွက် တချို့နေရာတွေဆိုလို့ရှိရင် ဆေးတွေလောင်ပြီး ပျက်စီးသွားတာတွေ ရှိတယ်ပေါ့။ အဲ့ဒါမျိုးတွေဟာ သူတို့တင်ပြထားတဲ့ ကုန်ကျစရိတ်ရဲ့ လေးပုံတစ်ပုံခန့်သာ ကျသင့်တယ်ဆိုပြီး အဲ့ဒါကို အစီရင်ခံစာ တင်ထားတယ်။ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ပါရန် ဆိုပြီးတော့” ဟု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်ယဉ်မင်းလှိုင်က ယနေ့လွှတ်တော်အစည်းအဝေးအပြီး သတင်းထောက်များကို ပြောသည်။
အစီရင်ခံစာကို လွှတ်တော်များဆိုင်ရာ အုပ်ချုပ်မှု ပူးပေါင်းကော်မတီဥက္ကဌဖြစ်သူ ဦးအေးသာအောင်ထံ တင်ပြထားပြီး ဦးအေးသာအောင်က လွှတ်တော်နာယကထံ ထပ်မံတင်ပြထားသည်ဟု သိရသည်။
အဆိုပါ အသုံးစရိတ်များမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက ၎င်းတို့ဝန်ကြီးဌာန၏ သာမန်အသုံးစရိတ်အဖြစ် သုံးစွဲခြင်းဖြစ်သည်ဟုလည်း ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။
“လွှတ်တော်ရဲ့ အင်ဂျင်နီယာအဖွဲ့ သီးသန့်ထားပါ။ ဆောက်လုပ်ရေးရဲ့ လက်အောက်မှာ မထားပါနဲ့။ ထားလို့ရှိရင် ကိုယ်က တခုခု အပြစ်ပြောလိုက်တယ်ဆိုလို့ရှိရင် သူက သူ့ဝန်ကြီးဌာနနောက်မှာ သွားပုန်းတယ်။ သူ့ဝန်ကြီးဌာနက လမ်းညွှန်လို့လို့ ဖြစ်တယ်။ သူ့ဝန်ကြီးဌာနကကျတော့လည်း လွှတ်တော်ပိုင်းနဲ့ ပတ်သက်တာကျ သူတို့ကို သိပ်ပြီး ဖိအားမပေးဘူး။ အဲ့လိုမျိုးတွေဖြစ်တော့ ဝန်ထမ်းပိုင်းဆိုင်ရာလည်း အားနည်းချက် ရှိတယ်။ အဲ့ဒါကြောင့် ငွေကုန်ပေမယ့် အကျိုးမရှိတဲ့ ကိစ္စတွေ ဖြစ်လာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။