ဇူလိုင်လ ၂၆၊ ဖားကန့် ။ ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မှုအုပ်စု မမုံကျေးရွာအနီးရှိ ဧရာရတနာကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုတွင် ဇူလိုင်လ ၂၆ ရက် မနက် ၆ နာရီ အချိန်တွင် ရုပ်အလောင်း ၆ လောင်း ရေပေါ်သို့ပေါ်လာကြောင်း မမုံကျေးရွာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက
မဇ္ဈိမသို့ ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် မနက် ၆ နာရီအချိန်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ၂ ရက်အကြာတွင် ယခုကဲ့သို့ ရုပ်အလောင်းများ ရေပေါ်သို့ပေါ်လာခြင်း ဖြစ်သည်။
"မနက် ၆ နာရီလောက်က ကျွန်တော်အရင်ဆုံးစတွေ့တာ။ အဲ့ဒီကနေမှ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားလိုက်တာ။အလောင်း ၅ လောင်းကတော့ ပိုင်ရှင်ပေါ်သွားပြီ "ဟု မမုံကျေးရွာ နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးယဉ်ထွေးက ဆိုသည်။
အဆိုပါ မြေပြိူမှုမှာ မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် လူပျောက် လာရောက်တိုင်ကြားထားသူ ၂၇ ဦးရှိကာ သေဆုံးသူရုပ်အလောင်းများ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဖားကန့်မြို့နယ်ရှိသက်ဆိုင်ရာတာဝန်ရှိသူများမှ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။