ဇူလိုင် ၂၅၊ ကွာလာလမ်ပူ။ ။ အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်မည့် ၂၀၁၈ အာရှအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲအတွက် အုပ်စုပွဲစဉ်များကို ပြန်လည်မဲခွဲခဲ့ရာ မြန်မာယူ ၂၃ အသင်းမှာ အပြောင်းအလဲ မရှိဘဲ ယခင်အုပ်စုတွင်သာ ပြန်လည် ကျရောက်ခဲ့သည်။
အုပ်စုပွဲစဉ်များကို ဇူလိုင် ၅ ရက်တွင် အသင်း ၂၄ သင်းဖြင့် ပထမအကြိမ် မဲခွဲခဲ့သည်။ သို့သော် ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးထား ပြီးမှ မဲခွဲရာတွင် ကျန်ရစ်ခဲ့သည့် ယူအေအီးနှင့် ပါလက်စတိုင်းတို့က ကန့်ကွက်ခဲ့သဖြင့် မဲပြန်ခွဲရခြင်းဖြစ်သည်။
အသင်းပေါင်း ၂၆ သင်းပါဝင်သည့် မဲခွဲပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ အာရှဘောလုံးအဖွဲ့ချုပ်ရုံးတွင် ဇူလိုင် ၂၅ ရက်က ပြုလုပ်ခဲ့ရာ အုပ်စုများအားလုံး အပြောင်းအလဲမရှိခဲ့ဘဲ ပါလက်စတိုင်းမှာ အုပ်စု A တွင်လည်းကောင်း၊ ယူအေအီးမှာ အုပ်စု E တွင်လည်းကောင်း ပါဝင်လာခဲ့သည်။
သို့ဖြစ်ရာ မြန်မာယူ ၂၃ အသင်းသည်လည်း အပြောင်းအလဲမရှိဘဲ ယခင်အတိုင်း အုပ်စု F တွင် မြောက်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ အီရန်တို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
အုပ်စု A မှ F ထိ အုပ်စု ၆ ခုမှ ထိပ်ဆုံးနှစ်သင်းစီနှင့် အကောင်းဆုံး တတိယ လေးသင်းတို့မှာ ရှုံးထွက်အဆင့်သို့ တက်ရောက်ခွင့် ရမည်ဖြစ်သည်။
အာရှအားကစားဘောလုံးပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာနှင့် ပလန်ဘမ်းတွင် သြဂုတ် ၁၄ မှ စက်တင်ဘာ ၁ ထိ ကျင်းပမည်ဖြစ်သည်။
Photo; AFC