မောင်တော ဇူလိုင် ၁၇ ။ ။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုးအား ကျော်တက်ခဲ့သူ နှစ်ဦးကို လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု သတင်းနှင့် ပြန်ကြားရေးမှ ဇူလိုင်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။
မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ ဇူလိုင် ၁၆ ရက်၊ ညနေ ၄ နာရီခန့်တွင် ပေါင်းဇားကျေးရွာ နေထိုင်သူများ ဖြစ်သည့် ဒီလူး(ခ) ဒိလ်မာမတ် (၅၅) နှစ်နှင့် မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်(၃၅) နှစ်တို့ နှစ်ဦးသည် နတ်မြစ်အား ဖြတ်ကူးပြီး နယ်စပ်ခြံစည်းရိုးအား ကျော်တက် ဝင်ရောက်လာခဲ့သည်ဟု ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးဟန့်တားခဲ့သော်လည်း ရပ်တန့်မှု မရှိဘဲ ခြံစည်းရိုးကို ဆက်လက်ကျော်တက်ခဲ့ရာ သေနပ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို ပစ်ခတ်မှုကြောင့် ဒီလူး(ခ) ဒိလ်မာမတ်၏ ကျောယာဘက်ခြမ်းမှ ဝမ်းဗိုက်ယာဘက်ခြမ်း ကျည်ထိမှန်ခဲ့ပြီး မောင်တော ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကာ ကျန်တစ်ဦးဖြစ်သော မာမွတ်ဖာဒူ(ခ) မာမတ်ဖာရုလ်အား ပြင်ဖြူနယ်မြေရဲစခန်းတွင် စစ်ဆေးလျက် ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။